မကြာမီကျောင်းများပြန်ဖွင့်တော့မည်ဖြစ်သည်။
အစိုးရပြောထားသည့်အထဲတွင် ကျောင်းသုံးစာအုပ်များ အခမဲ့ပေးမည်။
မသင်မနေရပညာရေးစနစ်ကို အလယ်တန်းအဆင့်အထိ
အကောင်အထည်ဖော်မည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း တက်နိုင်ရမည်စသည့်
ရွှမ်းရွှမ်းဝေစကားသံများကြားနေရသည်။ ကျွန်တော်သည် နှစ်ပေါင်းနှစ်ဆယ်ကျော်
ပညာရေးဌာနတွင် အမှုထမ်းခဲ့သူဖြစ်သောကြောင့် အပြောတစ်မျိုး
အလုပ်တစ်မျိုးတွေကို ကြုံတွေဖန်များခဲ့သဖြင့် တစ်ခုခုပြောလိုက်တိုင်း
အကောင်အထည်မပေါ်တတ်ကြောင်း၊ အကောင်အထည်ပေါ်လျှင်လည်း ဖေါ်ရှိုး (for show)
တွေကများနေကြောင်း ကောင်းကောင်းသိသောကြောင့် အပြည့်အဝမယုံရဲပေ။ အထက်က မသိ၊
အောက်က ဖိ၊ မရှိသည့်ကြား၊ ယိုပေါက်တွေများ သည့်နေရာတွေကို
လိုက်မပိတ်နိုင်သေးသောကြောင့် ပညာရေးဌာနတွင် အရှက်ရစရာတွေက များလှသည်။
မကြာသေးမီက
ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ယောက် ကျွန်တော့်ကိုလာတွေ့သည်။
ဘွဲ့ရပြီးကတည်းက တစ်ကြိမ်နှစ် ကြိမ်သာတွေ့ကြပြီး ကျွန်တော့်ကို
ကျောင်းဆရာမှန်းသိသောကြောင့် သိပ်အထင်မကြီး။ နောက်ပိုင်းလမ်းတွေ့လျှင်တောင်
ခပ်ရှောင်ရှောင်နေခဲ့သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
သူသည်လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး အလွန်ချမ်းသာနေ သောကြောင့်ဖြစ်သည်။
တစ်နေ့သူက ဘယ်ကနေ
ကျွန်တော့်ဖုန်းနံပါတ်ကို ရလာသည်မသိ။ ကျွန်တော်နှင့်တွေ့ပြီး
စကားပြောချင်ကြောင်း ဆိုလာ သည်။ ကျွန်တော်တို့ မြို့ထဲရှိ
လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် တွေ့ကြသည်။ သူက ကျွန်တော့်ကို လိုလားစွာ
အရေးတယူ စကားဦးတွေသန်းပြီးမှ “… ကျောင်းက ဆရာကြီးကို သိတယ်မဟုတ်လား”
ဟုစကားစလာသည်။ သူပြောသည့် ဆရာကြီး ဆိုသူကို ကျွန်တော်ကောင်းစွာသိသည်။
ကျွန်တော်နှင့် ဘီအီးဒီတစ်နှစ်တည်းဆင်းဖြစ်သည်။ အတိုချုပ်ရလျှင် ကျွန်တော့်
မိတ်ဆွေက သူ့မြေးလေးကို ထိုကျောင်းတွင် ကျောင်းအပ်ခိုင်းခြင်းဖြစ်သည်။
နယ်ကျော်ကျောင်းဖြစ်နေသဖြင့် အပ်ရန်မလွယ်။ ကျောင်းအပ်ကြေးတွေက
သိန်းဆယ်ဂဏန်းအထိ ပါးစပ်ထဲဈေးဖြစ်နေသည့်အပြင်၊
ပိုက်ဆံပေးပါမည်ဆိုသည့်တိုင်အောင် ကျောင်းအပ်ရန် မလွယ်သည့်အဖြစ်ကြောင့်
သူ့မြေးကို ကျွန်တော့်အား ကျောင်းအပ်ခိုင်းနေခြင်းဖြစ်သည်။ ကျွန်တော်နှင့်
ထိုကျောင်းအုပ်ဆရာကြီးဆိုသူသည် ဘီအီးဒီတက်စဉ်က
တစ်ခန်းတည်းနေခဲ့သူများဖြစ်သည်။ သူယခု ရန်ကုန်ရှိ နာမည်ကြီး
ကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးလာဖြစ်နေမှန်းလည်း ယခု
သူပြောမှသိရသည်။ ကျွန်တော်တို့ အဆက်အစပ် မရှိသည်မှာ
ဆယ်နှစ်ကျော်လောက်ရှိသွားပြီ။
ကျွန်တော်နှင့်ထိုကျောင်းအုပ်တို့
ခင်မင်ခဲ့ကြောင်းကို သူဘယ်ကနေ ဘယ်လိုသိခဲ့မှန်းလည်းမဆိုနိုင်။
ကျွန်တော်ကလည်း ထိုအကြောင်း စိတ်မဝင်စား။ ရန်ကုန်တွင် ကျောင်းအပ်ကြေး
ဆယ်သိန်းခန့်ပေါက်နေသည်ဆိုခြင်းကိုသာ စိတ်ဝင်စားနေမိ သည်။
ကျွန်တော်တို့
ဘီအီးဒီတက်စဉ်က ကျောင်းစားသောက်တန်းတွင်ထိုင်ပြီး လက်ဖက်ရည်သောက်နေစဉ်
ထိုအချိန်က နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက်သည် စားသောက်တန်းဝင်းထဲသို့
ဟိုင်းလက်စ်ကားတစ်စီးမောင်းဝင်လာသည်။ ကားပေါ်တွင် ရေခဲသေတ္တာတစ်လုံး၊
တီဗီကြီးတစ်လုံးကိုတင်ထားသည်။ ကျွန်တော်က ကျောင်းလာတာ ဘာကြောင့် တီဗီတွေ၊
ရေခဲသေတ္တာ တွေတင်လာသည်ကို သဘောမပေါက်။ နောက်မှ
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က “အဲဒါ ဆရာမကြီးကို ကန်တော့ဖို့လေ။
သူ့အိမ်မှာ လာကန်တော့တဲ့ကားတွေ တန်းစီနေတာ ကားရပ်စရာနေရာမရှိလို့
ဒီအထဲလာရပ်ထားတာ။ ကျောင်းဖွင့်တော့ မယ်ဆိုတော့ ကျောင်းလာအပ်ကြတာလေ” ဆိုသည့်
ရန်ကုန်မြို့ပြလူနေမှု ကျောင်းအပ်ပုံစနစ်ကို ကျွန်တော် အံ့အားသင့်မိသည်။
နောက်ပိုင်းမှ
သိရသည်မှာ နာမည်ကြီးကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ်ဖြစ်ရေးအတွက်
ပေါက်ဈေး၊ ထိုပေါက်ဈေး အတိုင်းအကုန်အကျခံနိုင်ခဲ့လျှင် တစ်နှစ်အတွင်း
အရင်းကျေသည့်အပြင် အမြတ်ပင်ပြန်ရနိုင်သည်ဆိုသော ခေါ်ဈေး၊ ကျောင်း
အုပ်ဖြစ်လာလျှင် ကိုယ်တိုင်လက်ရဲဇက်ရဲနှင့် တောင်းရဲသောသူတွေကတောင်း၊
မတောင်းရဲသော သူတွေကလည်း ပွဲစားက တစ်ဆင့် ဝေစားမျှစားလုပ်စားနေကြသည်ဆိုသော
ပွဲဈေး၊ တစ်နှစ်ထက်တစ်နှစ် ကျောင်းဝင်ကြေးတွေက မြင့်တက်လာသော ကြောင့်
ဆိုင်ရာဈေး၊ ပိုင်ရာဈေး၊ ခေါ်ဈေး၊ တောင်းဈေး၊ နားလည်မှုဈေးစသည့်
ဈေးအမျိုးမျိုးနှင့် အစိုးရကျောင်းထားသော မိဘများပင်
ကျောင်းကောင်းကောင်းရရေးကို သောကပွားနေကြရသည်။
ကျောင်းကောင်းကောင်းဟု
သူတို့ပြောနေကြသည်မှာ အဘယ်သို့သော ကျောင်းမျိုးဖြစ်သောကြောင့်နည်းဟု
ပြန်ပြီးသုံးသပ်မိ သည်။ အစိုးရသတ်မှတ်ထားသော ပြဋ္ဌာန်းစာအုပ်တွေကိုသာသင်သည်။
သို့သော် နာမည်ကြီးဘွဲ့ခံကျောင်းတွေက ဆယ်တန်း ကို
ဂုဏ်ထူးတွေနှင့်အောင်သည်ဟု သတင်းကြီးသည်။ သို့သော် မိဘတွေက မိမိတို့
သားသမီးများကို ဂုဏ်ထူးတွေ တစ်သီကြီး ရရန် နောက်ကွယ်က
အားထုတ်ပေးမှုတွေကိုတော့ လူသိနည်းလှသည်။
နာမည်ကြီးကျောင်းတွေလည်း
ကျူရှင်မကင်း ဘာသာရပ် ဆရာတွေက ပြန်ပြီးသင်သည့် ကျူရှင်တွေကိုလည်း မိမိတို့
သားသမီးများ မျက်နှာရစေရန် ပို့ကြရသည်။ ထို့ပြင် ဘာသာစုံကျူရှင်ကျောင်း၊
ပုဂ္ဂလိကကျောင်းတွေကိုလည်း ကျိတ်ပုန်းထား ကြသည်။ ဆယ်တန်းစာမေးပွဲနီးလာလျှင်
အတန်းထဲ၌ ကျောင်းသားမရှိသည့် အဖြစ်မျိုးတွေကို ကျောင်းအုပ်တွေ၊ အတန်းပိုင်
တွေက လှစ်လျူရှုထားရသည်များရှိသည်။ ဘာပြောပြော၊ ဘယ်မှာသင်သင်
ကိုယ့်ကျောင်းအောင်ချက်ကောင်းမည်ဖြစ်သော ကြောင့် မသိချင်ယောင်ဆောင်ပြီး
နေသည့်ကျောင်းများလည်းရှိသည်။
မြန်မာ့ပညာရေးစနစ်၏
ပြင်မရသေးသော အကျင့်များမှာ ကိုးတန်းစာမေးပွဲ ဖြေပြီးချိန်လောက်ကတည်းက
တစ်နွေလုံး နွေသုံးလပြတ်ဆိုသည့် ဆယ်တန်းကျူရှင်ကို
ဘာသာစုံဘော်ဒါကျောင်းများသို့ပို့ကာ သင်ကြားနေကြခြင်းဖြစ်သည်။
ကျောင်းသားတွေက တစ်နွေလုံးလည်းသင်၊ တစ်မိုးလုံးလည်းသင်၊
တစ်ဆောင်းလုံးလည်းသင်၊ စာထဲတွင် ပျော်ဝင်နေကြရ သည့်ဘဝကို မိဘနှင့် ဆရာတွေက
ကျေနပ်နေကြရသည့် ပညာရေးဖြစ်သည်။
နာမည်ကြီးကျောင်းဆိုသည်မှာ
ဘာနှင့်တိုင်းတာသနည်း။ လုပ်ချင်ရာလုပ်ခွင့်ပြုသောကြောင့်လား၊
ဂုဏ်တုဂုဏ်ပြိုင်၍ ကောင်းသည့် ခတ်ကွင်းဖြစ်နေသောကြောင့်လား၊ နားလည်မှုတွေ
အရမ်းရယူနိုင်သောကြောင့်လား၊ ဤကျောင်းထွက်ဆိုသည့် ဂုဏ်ကို လိုချင်လို့လား
စသည့်သို့လော သို့လော အတွေးများကို တွေးစရာဖြစ်သည်။ သေချာသည်မှာ
အပြိုင်အဆိုင် လုပြီးလာ ထားနေသည့်ကျောင်းကလည်း ဂုဏ်ထူးတွေများပြီး
မြန်မာပြည်တွင်ခေတ်စားနေသော ဆရာဝန်လိုင်းဆိုသည့် ရွေးချယ် စရာက လွဲပြီး
ဘာတစ်ခုမျှ ပိုလုပ်ပေးနိုင်မည်မဟုတ်ပါ။
နိဂုံးချုပ်ပါမည်။
ကျွန်တော် ထိုမိတ်ဆွေကို သူ့မြေးအတွက် ကျွန်တော့်သူငယ်ချင်းကျောင်းအုပ်ထံ
သွားပြောမပေးပါ။ ကျွန်တော့်သူငယ်ချင်း ဘာတွေလုပ်နေသည်ကိုလည်း
ကျွန်တော်စိတ်မဝင်စားပါ။ သို့သော် မြန်မာပြည်တွင် ကိုယ်ထားချင်
သည့်ကျောင်းထားနိုင်ရေးအတွက် ငွေဆယ်သိန်းခန့်ကို အပေးအယူလုပ်နေကြသည်ဆိုသော
သတင်းကတော့ မြန်မာ့ပညာ ရေး၏နှစ်ပေါင်းများစွာ အရိုးဆွေးနေသော
ရိုက်စားခွင်ကို ယနေ့တိုင်မပြင်နိုင်သေးဆိုသည်ကတော့ သေချာနေသည်။ သို့ပါလျက်
မြန်မာ့ပညာရေးကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါသည်ဆိုသောသူများ၏
အသံကောင်းဟစ်နေမှုကိုတော့ အံ့သြမိသည်။ သည်မိုး သည်လေ သည်လူတွေနှင့်
ပြုပြင်ပြောင်းလဲရေးကို သေအောင်အော်လည်း သည်တောင်ကိုတော့
ကျော်နိုင်မည်မထင်။ ရိုက်စားခွင်များ ဖန်တီးပေးထားသော
ပညာရေးဌာနပလိုင်းပေါက်နှင့်၊ ရိုက်စားရဲသော ဖားကောက် နေသူများ
ပညာရေးလောကတွင် ရှိနေသေးခြင်းကိုလည်း ပိုပြီးအံ့အားသင့်မိသည်။
Written by အငြိမ်းစားကျောင်းဆရာတစ်ဦး
Credit - ပါမောက္ခ
No comments:
Post a Comment