ဝက်သားစိမ်းမှ ကပ်ပါးသန်
အဲဒီကပ်ပါး သန်ကောင်တွေ အနက် ဝက်သားကနေ တစ်ဆင့် လူကို ကူးစက်နိုင်တဲ့ ကပ်ပါးသန်ကောင် လေးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ထရစ်ခီနဲလားခေါ် ဝက်သားရဲ့အသားဆဲလ်ထဲမှာ နေတဲ့ သန်လုံးကောင်၊ တေးနီးယားဆိုလီယမ်ခေါ် သန်ပြားကောင်ရဲ့ သားလောင်း၊ ဆာကိုစစ်စတစ်နှင့် တောက်ဇိုပလပ်စမား ကပ်ပါး (ဆဲလ်တစ်လုံး တည်းနှင့် ဖွဲ့စည်းထားတဲ့ ကပ်ပါး)တို့ ဖြစ်ပါတယ်။ ဝက်သားကနေ ကူးစက် နိုင်တယ် ဆိုလို့လည်း ကျွန်မတို့ မြန်မာတွေ တအား ကြောက်စရာတော့ မလိုပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မတို့က အသားတွေကို ကျက်အောင် ချက်စားတဲ့ အလေ့အကျင့် ရှိကြတယ်။ အဲဒီကပ်ပါး သန်ကောင်တွေက ဝက်သားကို မကျက်တကျက် ဒါမှမဟုတ် အစိမ်းစားမှ လူကို ကူးနိုင်တာပါ။ ဒါပေမဲ့ ယနေ့ အချိန်အခါမှာ အသားတွေကို မကျက်တကျက် ပြုလုပ်ထားတဲ့ ဟင်းအမယ်တွေ စားသုံးတဲ့ အလေ့အထတွေ ရှိလာပြီဆိုတော့ အခြေခံ ကျန်းမာရေး အသိနဲ့ သတိထားတာ မမှားပါဘူး။
အဲဒီကပ်ပါးသန်ကောင် လေးမျိုးအနက် ထရစ်ခီနဲလား (Trichinella) သန်လုံးကောင်ရဲ့ သားလောင်းဟာ ဝက်သားရဲ့ အသားမှာ ရှိနေပြီး အခု တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ဖြစ်ပေါ်နေပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တွေ အရ ဖွံ့ဖြိုးဆဲ နိုင်ငံရှိ ဝက်တွေ
ရဲ့ ၅ဝ ရာခိုင်နှုန်းမှာ ထရစ်ခီနဲလား သန်လုံးကောင် စွဲကပ်ခံနေရပြီး လူပေါင်း ၁၁ သန်းမှာ အဲဒီသန်ကောင် စွဲကပ်ခံရဖို့ ဖြစ်နိုင်ခြေတွေ ရှိနေတယ်လို့ သိရပါတယ်။
၂ဝ၁၂ ခုနှစ်တုန်းက နေပြည်တော် ဧရိယာမှာ ဝက်အကောင် ၉ဝ ရဲ့ သန်ကောင်သားလောင်း အရှိနိုင်ဆုံး နေရာ သုံးနေရာမှာ အသားနမူနာ ၂၇ဝ ကို စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရစ်ခီနဲလား သန်ကောင်သားလောင်း တွေ့ရှိနှုန်းကတော့ ၃ ဒသမ ၃ ရာခိုင်နှုန်းပဲ တွေ့ရှိတာကြောင့် သိပ်တော့ မများဘူးလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဆိုရင် ဝက်တွေမှာ ထရစ်ခီနဲလား သန်ကောင်သားလောင်း တွေ့ရှိနှုန်း ၁၇ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး ထိုင်းနိုင်ငံမှာ ဆိုရင် ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ၁၉၇၂ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အထိ နှစ် ၃ဝ အတွင်း လူမှာ ထရစ်ခီနဲလား သန်ကောင်စွဲကပ်လို့ ရောဂါ အကြီးအကျယ် ဖြစ်ပွားမှု အကြိမ် အရေအတွက် ၅ဝဝရှိခဲ့ပြီး လူပေါင်း ၂၅ဝဝဝ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေ ၂၄ဝ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလည်း အဲဒီနှစ် ၃ဝ အတွင်း လေ့လာမှုတွေ အရ ရောဂါ အကြီးအကျယ် ဖြစ်ပွားမှု အကြိမ် အရေအတွက် ၁၂၂ ကြိမ်တွင် လူပေါင်း
၆၇ဝဝ ဖြစ်ပွား၍ ၉၇ ဦး သေဆုံးခဲ့ပြီး နှစ်စဉ် လူပေါင်း ၂ဝဝ မှ ၆ဝဝ သန်ကောင်စွဲကပ် လူနာတွေ တွေ့ရှိ နေရပါတယ်။
ဝက်တွေမှာ ဘာကြောင့် ဒီသန်ကောင် စွဲကပ်ရသလဲ ဆိုရင် ဒီသန်ကောင်ကို ကြားလက်ခံကောင် (သူတို့မှာတော့ ရောဂါ မဖြစ်ဘဲ သန်ကောင် ရှိနေခြင်း)အဖြစ် ဆောင်ရွက်ပေးတဲ့ တိရစ္ဆာန် တွေကတော့ ကြွက်၊ ကြောင်နဲ့ တောဝက်တွေ ဖြစ်တဲ့အတွက် သူတို့နဲ့ ဝက်တွေတွေ့ပြီး ကိုက်မိ၊ စားမိမယ် ဆိုရင် အဲဒီဝက်ကို ရောဂါ ကူးစက် ခံရနိုင်ပါတယ်။ နောက်တစ်ချက်က သန်ကောင်သားလောင်း ပါတဲ့ အသားစတွေကို ဝက်က စားမိမယ်။ ဝက်ကို ကျွေးမိမယ် ဆိုရင် ကူးစက် ခံရနိုင်ပါတယ်။ ကူးစက်ခံရတဲ့ ဝက်မှာတော့ ဘာရောဂါ လက္ခဏာမှ မပြပါဘူး။ ဒါပေမဲ့ ဝက်ရဲ့ ကြီးထွားနှုန်းက ၁ဝ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်လို့ ဝက်မွေးမြူသူများ အနေနဲ့ သတိပြုရမှာ ဖြစ်ပါတယ်။ သန်ကောင်သားလောင်း ရှိနေနိုင်တဲ့ ဝက်သားရဲ့ အဓိက နေရာတွေကတော့ လျှာ၊ အသည်းကာ (diaphragm) နဲ့ မေးရိုးသားတွေ ဖြစ်ပါတယ်။
ထရစ်ခီနဲလား သန်လုံးကောင် လူမှာ စွဲကပ်ခံရရင် ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ ဒါမှမဟုတ် ဝမ်းချုပ်ခြင်း၊ အန်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အဖျားတက်ခြင်း၊ မျက်နှာ ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ် အနှံ့ ကြွက်သားများ နာကျင်ခြင်း၊ မျက်စိ အမြှေးရောင်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်နိုင်ပြီး စွဲကပ်ခံရတဲ့ သန်ကောင် အရေအတွက် များရင် သေသည်အထိ ဖြစ်နိုင်ပါတယ်။ သေသည်အထိ ဖြစ်ရခြင်းကတော့ သန်ကောင်သားလောင်း က နှလုံးကြွက်သား ထဲကို ဝင်ရောက်လို့ နှလုံးရဲ့ လုပ်ငန်းတွေ ပျက်စီးပြီး သေဆုံးရခြင်း ဖြစ်ပါတယ်။
အဲဒီသန်ကောင်တွေဟာ အသားဆဲလ်ထဲမှာ နေနိုင်တဲ့ အကြီးဆုံးသော သန်ကောင်ဖြစ်ပြီး အဲဒီဆဲလ်ထဲမှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ကာကွယ်ပြီး သား ဖြစ်နေအောင် အိတ်ပုံ သဏ္ဌာန်လေး လုပ် သူ့ကိုယ်သူ ကာကွယ်ကာ ခွေခွေလေး နေပါတယ်။ ဒါကြောင့်မို့ သူက ဝက်သား ဆဲလ်ထဲမှာ နေတယ်။ သူပါတဲ့ အသားကို လူတွေက အစိမ်း ဒါမှမဟုတ် မကျက်တကျက် ချက်ပြီး စားမယ်ဆိုရင် လူရဲ့အူထဲက အစာခြေရည်ထဲမှာ ပါတဲ့ အင်ဇိုင်းနဲ့ အက်စစ်တွေက သန်ကောင်ကို ကာကွယ်ထားတဲ့ အိတ်ကလေးကို ချေဖျက်လိုက်တဲ့ အခါမှာ သန်ကောင်သားလောင်းလေး ထွက်လာပြီး သန်ကောင်ကြီး အဖြစ် ဆက်လက် ကြီးထွားပါတယ်။ နှစ်ရက်၊ သုံးရက်အတွင်း အရွယ်ရောက် သန်ကောင်တွေ ဖြစ်လာပြီး မျိုးပွားပါတယ်။ မျိုးပွားပြီး သန်ကောင်ကြီး ကတော့ သေသွားကာ မွေးလာတဲ့ သန်ကောင်သားလေး တွေဟာ သွေးကြောနဲ့ ပြန်ရည်ကြောတွေက တစ်ဆင့် အသားတွေဆီ သွားပြီး အသားဆဲလ်တွေမှာ နေပါတယ်။ အဲလိုနေပြီး သူတို့ အစားခံရကာ ဆက်လက် ကြီးနိုင်မယ့် အချိန်ထိ အသားဆဲလ်ထဲမှာပဲ နေနေပါတယ်။ သူ့ကို ဝက်အချင်းချင်း ဒါမှမဟုတ် အသားစား သတ္တဝါ တစ်ကောင်ကောင်က အစိမ်း စားမိရင်တော့ အူထဲမှာ အစာခြေရည်နဲ့တွေ့ကာ ဆက်ကြီးပြီး မျိုးပွား သန်ကောင်သားလေးက အသားဆဲလ်ထဲ သွားနေ၍ ဒီလိုနဲ့ သန်ကောင်ရဲ့ ဘဝဖြစ်စဉ်ကြီး ဆက်ဖြစ်ပါတယ်။
အဲဒီသန်ကောင် ရှိနေတဲ့ ကြွက်အချင်းချင်း ကိုက်မိပြီးကူး၊ အဲဒီကြွက်ကို အစုံစား သတ္တဝါဖြစ်တဲ့ ဝက်က စားမိပြီး ကူး၊ အဲဒီ သန်ကောင်ပါတဲ့ ဝက်သားကို လူကအစိမ်း သို့မဟုတ် မကျက်တကျက် စားမိရင်တော့ လူ့ရဲ့ အသားဆဲလ်ထဲမှာ နှစ်လအတွင်း သန်ကောင် သားအိတ်လေးတွေ ဖြစ်ပြီး အထက်မှာ ဖော်ပြထားတဲ့ ရောဂါ လက္ခဏာတွေ ခံစား ရနိုင်ပါတယ်။
ကျွန်မတို့နိုင်ငံက ဝက်မွေးမြူရေးမှာ ခြံဝင်းခတ်၍ အစာကို သေချာစပ်ပြီး ကျွေးတာက အနည်းစုပဲ ရှိပါတယ်။ ဝက်မွေးမြူသူ အများစုကတော့ တစ်ပိုင်တစ်နိုင် အိမ်နောက်ဖေးမှာ မွေးကြတယ်။ အိမ်နီးချင်းတွေ ဆီက ထမင်းရည်နဲ့ မီးဖိုချောင်ထွက် ပစ္စည်းတွေစုပြီး ကျွေးကြတာဆိုတော့ ဝက်သား
စားတဲ့ အိမ်တွေကနေ ဝက်သား ခုတ်ထစ်ပြီး အသားစတွေ ပါလာနိုင်ပါတယ်။ ဒါကြောင့်မို့ ဝက်မွေးမြူသူတွေ အနေနဲ့လည်း ဝက်စာကို ကျိုချက်ပြီး ကျွေးသင့်ပါတယ်။ လူကို ဒီသန်ကောင် စွဲကပ်ခြင်း မခံရစေဖို့ ဝက်သားကို အစိမ်း၊ မကျက်တကျက် မစားဘဲ ကျက်အောင် ချက်စားကြမယ်။ ဝက်မွေးမြူသူတွေကလည်း ဝက်စာကို ကျိုချက်ပြီး ကျွေးမယ်။ ဝက်ခြံ ပတ်ဝန်းကျင်မှာ ကြွက်တွေ မရှိအောင် သန့်ရှင်းရေး သေချာပြုလုပ်မယ်။ အခြားတောရိုင်း တိရစ္ဆာန်တွေနဲ့ မိမိတို့ဝက်တွေ မထိတွေ့အောင် သေချာ မွေးမြူကြမယ်ဆိုရင် ဒီထရစ်ခီနဲလား သန်လုံးကောင် စွဲကပ်ခြင်းက ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ပြည်သူအများ ကျန်းမာရေးအသိ တိုးပွား နိုင်ပါစေလို့ ဆန္ဒပြုလျက်။ ။
မြ၀တီ
No comments:
Post a Comment