ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ
အဆင့်မြင့်ဗီဒီယိုဂိမ်းအမျိုးအစားပေါင်းများစွာဟာလည်း အချိန်နဲ့တစ်ပြေးညီ
အသစ်အသစ်တွေ ထွက်ရှိလျက်ရှိပါတယ်။ အဆိုပါအချက်ကို အကြောင်းပြုပြီး
ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးလူငယ်မရွေး ဂိမ်းကို အပျော်ကစားရုံသက်သက်
မဟုတ်တော့ဘဲ Esport အားကစားတစ်ခုအနေနဲ့ အတည်တကျသတ်မှတ်ပြီး Professional
ဆန်ဆန်ကစားခဲ့ကြတာ ဆယ်စုနှစ်တစ်ခုခန့် ရှိခဲ့ပါပြီ။
ဂိမ်းအမျိုးအစားပေါင်းများစွာရှိတဲ့အနက် ကျွန်တော်တို့မြန်မာနိုင်ငံမှာ
လက်ရှိအောင်မြင်ကျော်ကြားလျက်ရှိတဲ့ DotA 2 (Defense of the Ancient 2)
ဆိုတဲ့ Online Multiplayer Game ဟာလည်း အအောင်မြင်ဆုံးဂိမ်းတွေထဲက
တစ်ခုဖြစ်ပါတယ်။ DotA 2 ဟာ MOBA (Multiplayer Online Battle Arena)
ဂိမ်းအမျိုးအစားဖြစ်ပြီး Valve Corporation က မူပိုင်ခွင့်ရယူ၍
ရေးဆွဲထုတ်လုပ်လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ Beta Verson ကို
လွှင့်တင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာတော့ "Free to Play"
ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာနှင့်အဝန်းကို တရားဝင်ဖြန့်ချိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ Microsoft Windows, Linux နဲ့ OS X တို့မှာ
ထည့်သွင်းဆော့ကစားလို့ရနေပါပြီ။ Gameplay အနေနဲ့ကတော့
ကစားပွဲတစ်ခုတိုင်းဆီမှာ ဆန့်ကျင်ဘက်အသင်း ၂ သင်းပါဝင်ကာ တစ်ဖက်ကို
ကစားသမား ၅ ယောက်နှုန်းနဲ့ စတင်ရမှာဖြစ်ပြီးတော့
မြေပုံရဲ့အစွန်းတစ်ဖက်တစ်ချက်ဆီမှာ "Radiant" နဲ့ "Dire" လို့ ခေါ်တဲ့
ကိုယ့်အသင်းနဲ့သက်ဆိုင်တဲ့ ခံတပ်တစ်ခုဆီ ပါဝင်မှာဖြစ်ပါတယ်။ ကစားသမားတွေဟာ
ရန်သူ့အသင်းရဲ့ခံတပ်အတွင်းမှာရှိတဲ့ "Ancient" လို့ခေါ်တဲ့ အဓိက
အဆောက်အအုံကို ဖျက်ဆီးပစ်ရမှာက DotA 2 ရဲ့အဓိက Gameplay ဖြစ်ပါတယ်။
"Defense of the Ancient" ဆိုတဲ့ နာမည်အတိုင်း မိမိဘက်က Ancient ကို
ကာကွယ်ရင်း ရန်သူ့အသင်းဘက်မှာရှိတဲ့ "Ancient" ကို ချိုးဖျက်ဖို့အတွက်
အသင်းသား ၅ ယောက်ဟာ Teamwork ကို အဓိကအသုံးချပြီး တစ်ဖက်နှင့်တစ်ဖက်
အားပြိုင်ကာကစားရတဲ့ Strategy Game တစ်ခုဖြစ်ပါတယ်။ ကစားသမားတစ်ဦးဆီဟာ
"Hero" လို့ခေါ်တဲ့ Player Control unit တစ်ခုဆီကို
ကိုင်တွယ်ကာကစားရမှာဖြစ်ပြီး ကစားပွဲတစ်လျှောက် level နဲ့ gold
များရရှိအောင် Lane creep, Jungle Creep များနဲ့ ရန်သူ့ Hero များကို
တိုက်ခိုက်သတ်ဖြတ်၍ ရှာဖွေရမှာဖြစ်ပြီး မိမိရဲ့ "Hero" ကို
ပိုမိုကြံ့ခိုင်လာစေဖို့ Item များကို အဆင့်မြှင့်တင်ကာ အနိုင်ရရှိအောင်
ဆော့ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားပွဲတစ်ခုအတွက် အနည်းဆုံးကစားသမား ၂
ဦးကနေ ၁၀ ဦးအထိ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ DotA 2 ကစားပွဲတစ်ပွဲ၌
ပျမ်းမျှကြာချိန်ဟာ မိနစ် ၄၀ ခန့်ဖြစ်ပြီး အဓိကအားသာချက်ကတော့
ဘယ်တော့မှမရိုးနိုင်တဲ့ Gameplay ပုံစံပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ DotA 2
မှာ မတူညီတဲ့ Hero အရေအတွက် (၁၀၇) ကောင်ပါဝင်ပြီး Item အမျိုးအစားပေါင်း
(၁၃၉) မျိုးရှိတဲ့အတွက် ကစားပွဲတစ်ပွဲတိုင်းဆီမှာ မတူညီနိုင်တဲ့ Hero
ရွေးချယ်မှုတွေအပြင် မတူညီနိုင်တဲ့ Item တည်ဆောက်ပုံတွေ ကွဲပြားနိုင်ပြီး
မတူညီတဲ့ နည်းဗျူဟာတွေနဲ့ ကစားရမှာဖြစ်တဲ့အတွက် DotA 2 ဟာ လက်ရှိကမ္ဘာကျော်
Video Game တစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်ပါတယ်။ DotA ဟာ
သာမန်ဂိမ်းတွေလိုမျိုး တစ်ခါနိုင်ပြီးသွားရင် အခွေကို သေတ္တာထဲ
ထည့်သိမ်းထားလိုက်ရတဲ့ ပုံစံမျိုးမဟုတ်ဘဲ အချိန်နဲ့အမျှ
ပြောင်းလဲတိုးတက်နေတဲ့ မိမိရဲ့အရည်အသွေးပေါ် မူတည်တဲ့ ဂိမ်းမျိုးဖြစ်လို့
မရိုးသွားနိုင်၊ မပျင်းသွားနိုင်ဘဲ ထပ်ခါထပ်ခါ ကစားချင်အောင်
ဆွဲဆောင်နိုင်တဲ့ အဆင့်မြင့်ဂိမ်း အမျိုးအစားတစ်ခု ဖြစ်တယ်ဆိုတာ DotA
ကစားဖူးသူတိုင်းသာ သိရှိနားလည်နိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ DotA ကစားသမားအများစုဟာ DotA နဲ့ DotA 2 ကို
မတူညီဘူးလို့ ထင်မြင်နေကြပါတယ်။ တကယ်တော့ DotA နဲ့ DotA 2 ဟာ ၉၅
ရာခိုင်နှုန်းခန့် တူညီပြီးသား Gameplay တစ်ခုပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ၅
ရာခိုင်နှုန်းဟာ နာမည်အခေါ်အဝေါ်အချို့တစ်ဝက်နဲ့ ပိုမိုကောင်းမွန်သွားတဲ့
ရုပ်ထွက်အရည်အသွေးသာဖြစ်တယ်ဆိုတာကိုတော့ DotA 2 ဆော့ကစားဖူးသူတိုင်း
သိတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဂိမ်းရဲ့အဓိကအရသာတွေကို လုံးဝမထိခိုက်ဘဲ
သတ်သတ်မှတ်မှတ် ဆော့ကစားနိုင်အောင် Valve Corporation က
အဆင့်မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ အများစုသော လူငယ်တွေက
ဂိမ်းလို့ပြောလိုက်ရင် DotA တစ်မျိုးတည်းကိုပဲ ဂိမ်းလို့ထင်လောက်တဲ့အထိကို
DotA ဟာ မြန်မာနိုင်ငံပေါ်မှာ လွှမ်းမိုးထားပါတယ်။ မြန်မာနိုင်ငံဟာ DotA
တစ်မျိုးတည်း ထွန်းကားတဲ့အလျောက် Online Multiplayer Game တွေ
အမြောက်အမြားရှိပေမယ့် တခြားနိုင်ငံတွေလိုမျိုး League of Legend, HoN,
CSGO, Diablo, Star Craft လိုမျိုး ဂိမ်းတွေသိပ်မထွန်းကားဘဲ DotA ကိုသာ
လူစိတ်ဝင်စားမှု အများဆုံးဖြစ်ပါတယ်။ ဒီလိုကမ္ဘာကျော်ဂိမ်းတစ်ခုဖြစ်တဲ့ DotA 2
ဟာ DotA နဲ့ ရာနှုန်းပြည့်နီးပါး တူညီနေတယ်ဆိုတဲ့အချက်ကို DotA
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအဆင့်ဆင့်ကို လေ့လာခြင်းအားဖြင့် သိနိုင်ပါတယ်။
DotA မပေါ်ပေါက်ခင် ၂၀ ရာစု အစောပိုင်းကာလများတုန်းက StarCraft ဆိုတဲ့
ဂိမ်းမှာ နာမည်ကြီး Aeon of Strife ဆိုတဲ့ Custom Map တစ်ခု
ထွက်ရှိခဲ့ပါတယ်။ အဆိုပါမြေပုံရဲ့ Gameplay ပုံစံကတော့ အသင်း ၂
သင်းပါရှိပြီး အဲ့ဒီအသင်း ၂ သင်းမှာ ကိုယ်ပိုင်ခံတပ်တွေ ရှိပါတယ်။
တစ်ဖက်ကို ကစားသမား ၄ ယောက်ခန့် ပါဝင်ကစားရပြီး ခံတပ် ၂ တပ်ကို
ဆက်သွယ်ထားတဲ့ လမ်း ၄ လမ်းပေါ်မှာ အဆုံးမသတ်နိုင်တဲ့ creep အုပ်တွေနဲ့အတူ
ရန်သူရဲ့ခံတပ်တစ်ခုလုံးကို တိုက်ခိုက်ရတဲ့ Aeon of Strife ဆိုတဲ့ StarCraft
ထဲက Map တစ်ခုဟာ နာမည်ကြီးဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Warcraft 3 : Reign of
Chaos ထွက်ရှိခဲ့တဲ့ ၂၀၀၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့မှာ ထူးခြားစွာပဲ
ကစားသမားတွေဟာ ကိုယ်ပိုင်စိတ်ကြိုက်မြေပုံ ရေးဆွဲနိုင်တဲ့ World Editor ကို
Blizzard Entertainment က ထည့်သွင်းပေးခဲ့ပြီး အဆိုပါ World Editor ကို
အသုံးပြုပြီး Aeon of Strife ရဲ့ အကြံဉာဏ်အချို့တစ်ဝက်ကို မှီငြမ်းကာ "Eul"
ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ "Defense of the Ancient" (DotA) ဆိုတဲ့ Custom
Map တစ်ခုကို တီထွင် ရေးဆွဲပြီး Warcraft ရဲ့ Battle.net မှာ
လွှင့်တင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကျော် DotA Game
စတင်ဖြစ်ပေါ်လာတဲ့ ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်၊ ဇူလိုင် ၁
ရက်နေ့မှာတော့ Warcraft 3 : The Frozen Throne ဆိုတဲ့ Version အသစ်ကို
ထုတ်လုပ်လိုက်တဲ့အခါမှာ "Eul" ဟာ သူ့ရဲ့ DotA ကို အနည်းငယ်ပြောင်းလဲပြီး
"DotA 2 : Thirst for Gamma" ဆိုတဲ့ Custom Map တစ်ခုကို အသစ်ရေးဆွဲပြီး
လွှင့်တင်လိုက်ပါတယ်။ The Frozen Throne အရောက် ထင်သလောက်
အောင်မြင်မှုမရရှိတဲ့နောက်မှာ "Eul" ဟာ သူ့ရဲ့ DotA မြေပုံကို Open
Code-Source အနေနဲ့ ရေးသားခွင့်ပေးခဲ့ပြီးနောက်
လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ မြေပုံဆွဲသမား
အမြောက်အမြားဟာ အောင်မြင်စပြုနေတဲ့ DotA ရဲ့နာမည်ကို အခြေခံပြီး DotA
မြေပုံအသစ်အသစ်တွေကို သူ့ထက်ငါ အပြိုင်ရေးဆွဲခဲ့ကြပါတယ်။
အဆိုပါခေတ်ကာလများတုန်းကတော့ DotA ရဲ့အခေါ်အဝေါ်တွေဟာ "DotA DX Series",
"DotA Unforgiven", "DotA Outland" အစရှိသဖြင့်
အမျိုးမျိုးထွက်ပေါ်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ အအောင်မြင်အကျော်ကြားဆုံး
"DotA Allstar" ဆိုတဲ့ Series တစ်ခု ထွက်ရှိလာပါတော့တယ်။
ဒီလိုအပြိုင်အဆိုင် DotA မြေပုံတွေ ထွက်ပေါ်ခဲ့ခြင်းဟာ Warcraft ရဲ့
Battle.net ပေါ်မှာ DotA ကို အောင်မြင်လာစေတဲ့ သမိုင်းကြောင်းကောင်းတစ်ရပ်
ဖြစ်ခဲ့ပါတယ်။ အဆင့်ဆင့် Version တွေ တိုးတက်ပြောင်းလဲလာခဲ့ရင်း DotA
Allstar v3.0d ဆိုတဲ့မြေပုံကို အရောက်မှာတော့ လက်ရှိ DotA
အားလုံးရဲ့အောင်မြင်မှုကို တီထွင်ခဲ့တဲ့ "Guinsoo" ဆိုတဲ့ ပါရမီရှင်ဟာ DotA
Allstar သမိုင်းကြောင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ Steve "Guinsoo" Feak ဟာ
v3.0d မြေပုံကို ၂၀၀၄ ခုနှစ်၊ မတ်လအတွင်းမှာ လွှင့်တင်ခဲ့ပြီး
တစ်လခန့်အကြာမှာတော့ v4.0a ကို ထပ်မံလွှင့်တင်လိုက်ပါတယ်။ အဆိုပါမြေပုံဟာ
ကျွန်တော်တို့ DotA ထဲက အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ "Roshan" ကြီး
ပါဝင်လာခဲ့တဲ့ ပထမဆုံးမြေပုံလည်း ဖြစ်ပါတယ်။ နောက်ပိုင်း v4.xx
မြေပုံများကို အမွေဆက်ခံပြီး v5.0a ကို Hero အသစ်များနဲ့ Item
အသစ်အမြောက်အမြားကို မိတ်ဆက်ပြီးလွှင့်တင်လိုက်တဲ့ အချိန်မှာတော့ DotA
ကစားသမား အသစ်များ အစုလိုက်အပြုံလိုက် ပေါ်ထွက်လာပါတော့တယ်။ အောင်မြင်မှု
အမြောက်အမြားကို ရရှိခဲ့ပြီးနောက် "Guinsoo" ဟာ သူတစ်ဦးတည်း ရေးဆွဲနေရာကနေ
၂၀၀၄ အောက်တိုဘာလအရောက်မှာတော့ အဆိုပါအချိန်က နာမည်ကြီး DotA Clan
တစ်ခုအနေနဲ့ ရပ်တည်နေတဲ့ TDA (Team Dota Allstar) ရဲ့အဓိကကစားသမား ၂
ဦးဖြစ်တဲ့ Neichus နဲ့ "IceFrog" ကို သူ့ရဲ့မြေပုံဆွဲသမားအသင်းထဲကို
ထည့်သွင်းခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံး လက်ရှိဆော့ကစားနေတဲ့ DotA
နဲ့ DotA 2 ကို ရေးဆွဲပေးနေတဲ့ "IceFrog" ဆိုတဲ့ပုဂ္ဂိုလ် ပေါ်ထွက်လာခဲ့တဲ့
သမိုင်းကြောင်းဖြစ်ပါတယ်။ ဧပြီလ ၂၀၀၄ ခုနှစ်မှာ ကမ္ဘာ့ပထမဦးဆုံး DotA
Clan ဖြစ်တဲ့ TDA (Team DotA Allstar) ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဆိုပါ
Clan ကပဲ ကမ္ဘာ့ပထမဦးဆုံးတရားဝင် DotA website တစ်ခုဖြစ်တဲ့
DotA-Allstar.com ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ
ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ အဆိုပါ website မှာ လစဉ် Register ပြုလုပ်သူ ၁
သန်းခန့်ရှိခဲ့ပြီး နေ့စဉ် website အတွင်း ဝင်ရောက်ကြည့်ရှုသူ ၁
သန်းခန့်ရှိလောက်အောင်ကို အောင်မြင်မှုကြီးမားခဲ့ပါတယ်။ ထိုအချက်ကြောင့်ပဲ
DotA-Allstar website ဟာ မထိန်းသိမ်းနိုင်တော့ဘဲ ပျက်စီးခဲ့ပြီး တရားဝင်
DotA မြေပုံတွေ လွှင့်တင်ပေးဖို့ www.playdota.com ဆိုတဲ့ Website ကို
အသစ်တည်ဆောက်လိုက်ရပါတော့တယ်။ ဒါကြောင့် DotA Allstar ဆိုတဲ့ အခေါ်အဝေါ်ကနေ
"Allstar" ဆိုတဲ့ စကားလုံးကို ချန်လှပ်ပြီး "DotA" လို့သာ ခေါ်ဝေါ်ခဲ့ကြခြင်း
ဖြစ်ပါတော့တယ်။ ၂၀၀၄ ခုနှစ်ကနေ စတင်ပြီး အပြည်ပြည်ဆိုင်ရာ DotA
ပြိုင်ပွဲတစ်ခုအနေနဲ့ IGS (International Gaming Syndicate) ကို
စတင်ခဲ့ပြီး စစချင်းမှာ အသင်းပေါင်း ၂၀ ခန့် ပါဝင်ခဲ့ပါတယ်။
ဒုတိယရာသီမှာတော့ ၄၅ သင်းအထိ တိုးတက်ပါဝင်ခဲ့ပါတယ်။
ဒီလိုအောင်မြင်ကျော်ကြားလာခဲ့တဲ့ DotA ကို ပထမဆုံးစွန့်ဦးတီထွင်ခဲ့တဲ့
"Eul" ကို ဂုဏ်ပြုတဲ့အနေနဲ့ "Eulś Scepter of Divinity" နဲ့ DotA ကို
ပိုမိုအောင်မြင်တဲ့လမ်းကြောင်းပေါ် ဆွဲတင်ပေးခဲ့တဲ့ "Guinsoo" ကို ဂုဏ်ပြု
ပြီး "Guinsooś Scythe of Vyse" ဆိုတဲ့ Item 2 ခုကို DotA ကစားသမားတိုင်း
မမေ့နိုင်စေရန် ရည်ရွယ်ပြီး IceFrog က ထည့်သွင်းရေးဆွဲပေးခဲ့ခြင်း
ဖြစ်ပါတယ်။ DotA Allstar v6.01 မြေပုံကို လွှင့်တင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈
ရက်၂၀၀၅ ခုနှစ်မှာတော့ "Guinsoo" ဟာ လက်ရှိ DotA တာဝန်တွေကို Neichus နဲ့
IceFrog ကို လွှဲပြောင်းပေးခဲ့ပြီး မြေပုံရေးဆွဲတဲ့ဘဝကနေ တရားဝင်
အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ထို့နောက် Neichus ဟာ
သူကိုယ်တိုင်ဦးဆောင်ပြီး Earthshaker, Tiny, Stealth Assassin, Phantom
Lancer, Enchantress, Enigma, Axe, Shadow Fiend, Visage, Nerubian Weaver,
Bloodseeker နဲ့ Dazzle အစရှိတဲ့ Hero သစ် အမြောက်အမြားကို v6.01 version
မြေပုံအတွက် ထည့်သွင်းလိုက်တဲ့အခါမှာ အပြောင်းအလဲကို လက်မခံတဲ့
ကစားသမားအများစုဟာ v6.01 အသစ်ကို ဆက်မကစားဘဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့
v5.84c ကိုပဲ ဆက်လက်ကစားခဲ့ပြီး Neichus ရဲ့အသစ်ရေးဆွဲမှုကို လက်မခံကြောင်း
ပြသခဲ့ကြပါတယ်။ ဒါကြောင့် Neichus ဟာ DotA Allstar ရဲ့
အဓိကမြေပုံရေးဆွဲသူရာထူးကို IceFrog ထံသို့ လွှဲပြောင်းပေးခဲ့ပြီး
အနားယူသွားခဲ့ပြန်ပါတယ်။ IceFrog ဟာ ကြီးလေးတဲ့တာဝန်တွေကို
ဦးဆောင်ခဲ့ပြီး v6.10 မြေပုံအတွက် တိုးတက်မှုအသစ်တွေနဲ့
ပြင်ဆင်ရေးသားမှုမြောက်မြားစွာကို ရေးဆွဲခဲ့ပါတယ်။ Faceless Void ကို
အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားခဲ့တဲ့အပြင် Scourge Hero
အသစ်တစ်ကောင်အနေနဲ့ Invoker ကို ထည့်သွင်းရေးသားခဲ့ပါတယ်။ (အဆိုပါအချိန်က
Invoker ဟာ skill စုစုပေါင်း ၃၁ ခုအထိ ပါဝင်ခဲ့တာကြောင့် အများစုရဲ့
ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရတဲ့အတွက် IceFrog ဟာ version အသစ်အတွက်
အပြင်းအထန် ပြင်ဆင်ခဲ့ရပါတယ်။) နောက်ပိုင်းမှာသာ IceFrog ဟာ Imbalance
ဖြစ်နေတဲ့ အချက်များစွာကို ပြု ပြင်ရေးဆွဲခဲ့ပြီး v6.12 ကို
ထုတ်လွှင့်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ Heintje ဆိုတဲ့
တရုတ်ကစားသမားတစ်ယောက်က v6.12 ကို တရုတ်ဘာသာသို့ပြန်ဆိုပြီး Chinese
Version အဖြစ် ကူညီရေးဆွဲခဲ့တဲ့အတွက် v6.12 ဟာ တရုတ်ကစားသမားများ လက်ခံတဲ့
မြေပုံတစ်ခုဖြစ်လာပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ version အသစ်ကို
လူအများလက်ခံလာခဲ့ပြီး IceFrog ဟာလည်း မြေပုံအသစ်တွေကို
ဆက်လက်ပြီးရေးဆွဲခဲ့ပါတယ်။ IceFrog ဟာ v6.12 မှ စတင်ပြီး v6.27 အထိ
အထူးသဖြင့် Imbalance ဖြစ်ခြင်းများကို လျှော့ချခဲ့ပါတယ်။ IceFrog ရဲ့
ခေတ်အဆက်ဆက် ပြောင်းလဲခဲ့တဲ့ Changelogs များပေါ် မူတည်ပြီး v6.27 မှာ
Medusa + Divine + Aegis ကစားကွက်၊ v6.32 မှာတော့ Crystal Maiden + Shadow
Shaman, Enigma + Lich ပေါင်းပြီး ပွဲထုတ်တဲ့ AOE ကစားကွက်၊ v6.37 မှာ Chen
နဲ့ Enchantress ကို အဓိကအသုံးပြုတဲ့ Early Pushing ကစားကွက်၊ v6.41
မှစတင်ပြီး Tri Lane ကစားကွက်၊ v6.43 မှစ၍ Ganker အများစုကို Blink Dagger
သုံးပြီး အမြန်ဆုံး တိုက်ခိုက်တဲ့ ကစားကွက်အစရှိသဖြင့်
အသစ်အသစ်သောကစားကွက်များ တိုးတက်လာခဲ့ပြီး v6.48 မှစ၍
ပုံသေကစားကွက်မရှိတော့ဘဲ မိမိတို့အသင်းကို တစ်ဖက်က တွက်ချက်မရအောင်
စဉ်းစား၍ ကစားကွက်များ ဖန်တီးလာခဲ့သည်မှာ ယခုလက်ရှိနောက်ဆုံးထွက်ထားသော
v6.81 အထိပါပဲ။ Professional ကစားသမားများရဲ့ ပထမဆုံးမျိုးဆက်အဖြစ် col,
JMC, GL, HUST, IFNT, Mage နဲ့ EDU Clan တို့ဟာ ၂၀၀၅ ခုနှစ် ဝန်းကျင်မှာ
နာမည်ကျော်ကြားခဲ့ပြီး Fear အစရှိတဲ့ နာမည်ကြီး ကစားသမားများကို
မွေးထုတ်ပေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ MYM, tPD, Say Plz အစရှိတဲ့
အသင်းများထွက်ပေါ်ခဲ့ပြီးနောက် လက်ရှိနာမည်ကျော်ကစားသမားများဖြစ်တဲ့ Lod (A)
နဲ့ Akke ဟာ MYM ကနေထွက်ခွာပြီး T_T (Team_Team) ဆိုတဲ့ အသင်းကို
တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ
ကမ္ဘာနှင့်အဝှမ်း Professional Clan များနဲ့ Professional Player
အမြောက်အမြား ထွက်ပေါ်လာခဲ့ပါတယ်။ ezy, Merlini, Fear, Art- Style, Lod(A),
Misery, Vigoss, Jolie, 820, Drayich, GK, 2009 တို့ဟာ DotA လောကကို
တိုးတက်အောင် ဦးဆောင်ပေးခဲ့တဲ့ စီနီယာကစားသမားများဖြစ်ပြီး CPL, ASUS, WCG
အစရှိတဲ့ ပြိုင်ပွဲကြီးများဟာလည်း DotA ကို ကမ္ဘာကျော်အောင်
ပျိုးထောင်ပေးခဲ့ကြတဲ့ အဓိကဇာတ်ကောင်များပဲ ဖြစ်ပါတယ်။
အဆိုပါအချိန်ကာလများဟာ DotA ကို ဂိမ်းတစ်ခုမဟုတ်ဘဲ Esport တစ်ခုအနေနဲ့
လူအများလက်ခံလာအောင် အဆင့်အတန်းမြင့်မားလာခဲ့ပြီး ရုရှား၊ ယူကရိန်း၊
တရုတ်နှင့် တောင်ကိုရီးယားအပါအဝင် အရှေ့တောင်အာရှနိုင်ငံ များအားလုံးမှာ
DotA ဟာ အောင်မြင်မှုကြီးမားစွာ ရရှိခဲ့ပါတယ်။ ဒီလိုနှစ်ပေါင်းများစွာ
DotA ရဲ့အောင်မြင်မှုကို သိရှိထားမှသာ DotA ဖြစ်ပေါ်လာပုံကို
လက်ခံနိုင်မှာဖြစ်ပါတယ်။ ထိုသို့ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာပြီးနောက် DotA
ရဲ့အောင်မြင်မှုနဲ့ လက်ရှိခေတ်ကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ
အလွန်ကွာခြားသွားတဲ့ အချက်တစ်ချက်ကို Valve Corporation ရဲ့ Director
ဖြစ်သူ Erik Johnson က သတိထားမိခဲ့ပါတယ်။ အဆိုပါအချက်ကတော့ ၂၀၀၂ ခုနှစ်က
အသုံးပြုခဲ့တဲ့ Graphic Design နဲ့လက်ရှိ ၂၁ ရာစုအောင်မြင်နေတဲ့ Game
တွေရဲ့ Graphic Design ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာနှင့်အဝှမ်း
လူသန်းပေါင်းများစွာ ကစားလျက်ရှိတဲ့ DotA Game ကို ခေတ်နှင့်အညီ
အဆင့်မြှင့်တင်ရုံမက Warcraft ရဲ့ မူပိုင်ခွင့်ပြဿ နာမှ ကင်းလွတ်ပြီး
DotA ကို ကိုယ်ပိုင် Platform တစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ်ရှိအောင်
တည်ထောင်ရန်အတွက် ခေတ်အဆက်ဆက် DotA Developer တစ်ယောက်ဖြစ်တဲ့ IceFrog နဲ့
၂၀၀၉ ခုနှစ်မှာ တရားဝင်ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် ၂၀၀၉ ခုနှစ်၊
အောက်တိုဘာလမှာတော့ Valve Corporation ဟာ IceFrog ကို တရားဝင်ငှားရမ်းပြီး
DotA 2 Game ကို ထုတ်လွှင့်မှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
သိန်းပေါင်းရာနဲ့ချီပြီးရှိနေတဲ့ DotA ကစားသမားတွေရဲ့ဆန္ဒကို
ဆန့်ကျင်လို့မရတဲ့အတွက် DotA 2 ဟာ DotA နဲ့ ရာနှုန်းပြည့်နီးပါး
တူညီအောင်ရေးဆွဲခွင့် IceFrog ကို ပေးခဲ့ပါတယ်။ Warcraft ရဲ့
မူပိုင်ခွင့်ပြဿ နာနဲ့ ကင်းလွတ်ဖို့အတွက်တော့ မပြောလောက်တဲ့
အပြောင်းအလဲလေးတွေတော့ ရှိပါတယ်။ ဥပမာ Tauren Chieftain ဆိုတဲ့နာမည်ဟာ
Warcraft ထဲက Race တစ်မျိုးဖြစ်တဲ့ Tauren မျိုးနွယ်ရဲ့
ကိုယ်ပိုင်နာမည်ဖြစ်တဲ့အတွက် Elder Titan ဆို၍လည်းကောင်း၊ Orb Effect
ဆိုတဲ့စာသားကို Unique Attack Modifier ဟူ၍လည်းကောင်း၊ Lothar Edge ဆိုတဲ့
Item အမည်ကို Shadow Blade ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဆိုတဲ့ မဖြစ်စလောက်
ကွဲပြားမှုလေးတွေတော့ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ
လက်ခံနိုင်တဲ့ အပြောင်းအလဲလေးတွေဖြစ်တာကြောင့် DotA ကစားသမားများဟာ
ခေတ်နဲ့အညီ DotA 2 ကို ပြောင်းလဲကစားဖို့ ဝန်မလေးတော့ပါဘူး။ Valve
Corporation ကလည်း အမြတ်အစွန်းအနေနဲ့ အမြင်အာရုံအတွက်အသားပေးပြီး In-game
အကျိုးသက်ရောက်မှုမရှိတဲ့ Item Set များ၊ Tournament Ticket များ၊ Key
များကို ရောင်းချလျက်ရှိတဲ့အတွက် ကစားသမားများအနေနဲ့ လက်ရှိမှာ Skill
ပိုင်းဆိုင်ရာအပြင် Visual ပိုင်းဆိုင်ရာအတွက်ပါ အပြိုင်အဆိုင် အပြင်းအထန်
ယှဉ်ပြိုင်လျက် ရှိပါတော့တယ်။ ဒါ့အပြင် DotA 2 ကစားခြင်းဖြင့်
မိမိရဲ့အိမ်က ကွန်ပျူ တာရှေ့မှာ ထိုင်နေရုံနဲ့ ကမ္ဘာအနှံ့အပြားက DotA Gamer
များနဲ့ ချိတ်ဆက်နိုင်ပြီး အချိန်နဲ့တစ်ပြေးညီ DotA အသစ်ဖန်တီးမှုများစွာကို
မျက်ခြည်မပြတ် စီးမျောခံစားကစားနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ DotA 2 ဟာ
DotA ရဲ့အောင်မြင်မှုအပေါ် အခြေခံပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်
အဆင့်မြှင့်တင်လိုက်တဲ့ DotA Game တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ
DotA ကစားသမားတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် DotA နဲ့ DotA 2 ကို
ခွဲခြားမသတ်မှတ်ဘဲ ကစားနိုင်မှာပါ။ DotA ဟာ DotA ပါပဲ။ သင်က DotA ကို
တကယ်ချစ်မြတ်နိုးတယ်ဆိုရင် DotA 2 ဖြစ်ဖြစ်၊ DotA ဖြစ်ဖြစ် အသက်အရွယ်
အပိုင်းအခြားမရွေး ရူးသွပ်စွာ ဆော့ကစားနေကြတဲ့ DotA ဟာ သာမန်ကာလျှံကာ Game
အမျိုးအစားတစ်ခုမဟုတ်ကြောင်းကို သူ့ရဲ့ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းက
သက်သေပြလျက် ရှိပါတယ်။ လာမယ့်အပတ်မှစပြီး DotA 2 နဲ့ပတ်သက်တဲ့ Hero,
Item, Know-ledge, Strategy, Pro Players, News အစရှိတဲ့ ခေါင်းစဉ်များကို
အလျဉ်းသင့်သလို Internet Journal မှတစ်ဆင့် အပတ်စဉ် ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။ နောက်အပတ်မှာတော့ DotA ခေတ်အဆက်ဆက်မှ ယနေ့တိုင် DotA 2 အထိ လူ
၁၀၀ မှာ ၉၀ လောက်ကြိုက်နှစ်သက်တဲ့ Hero တစ်ကောင်ဖြစ်တဲ့ Pudge (Butcher)
နဲ့ ပတ်သက်တဲ့အချက်အလက်တွေနဲ့ Build တွေအကြောင်းကို ဆွေးနွေးသွားမှာ
ဖြစ်ပါတယ်။
- yahooyeeha - See more at: http://www.myanmarinternetjournal.com/content/12417#sthash.ua3oFMYy.dpuf
- yahooyeeha - See more at: http://www.myanmarinternetjournal.com/content/12417#sthash.ua3oFMYy.dpuf
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
No comments:
Post a Comment