Saturday, June 7, 2014

အုန်းထမင်း




မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို အုန်းထမင်းချက်နည်းလေးပြောပြပါရစေနော်။ အုန်းထမင်းချက်နည်း မေးထားတဲ့ မောင်နှမတွေအတွက် ထမင်းချက်တဲ့ပေါင်းအိုးနဲ့ အုန်းထမင်း ချက်နည်းလေး ကို ပြောပြပါမယ်နော်။
အုန်းထမင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
ဆန်နို့ဆီဗူး (၃) လုံး
အုန်းနို့ရည် (၁) ဗူး
ရေ
ဆား လက်ဘက်ရည်ဇွန်း (၁) ဇွန်း
သကြား လက်ဘက်ရည်ဇွန်း (၁) ဇွန်း (အချိုကြိုက်ရင်ပိုထည့်ပါနော်)
ကြက်သွန်နီ ဥကြီးကြီး ၂ လုံး
ဆီ ထမင်းစားဇွန်း ၁ ဇွန်းတို့ပါနော်။



ဆန်ကို သန့်စင်အောင် ရေဆေးပေးပါ။ ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး လေးစိတ် စိတ်ပေးပါ။ ပြီးရင် အလယ်ကနေ ကန့်လန့်ထပ်စိတ်ပေးပါ။

အိုးတစ်လုံးကိုယူ မီးဖိုပေါ်တင် ဆီထည့်၊ အုန်းနို့ဗူးကို ဖောက်ပြီးထည့်၊ ပြီးရင် ဆားနဲ့ သကြားကို ထည့်ပေးပါ။ ပြီးရင် မီးအသင့်အတင့်နဲ့ အဲ့ဒီအုန်းနို့ကို သုံးခွက် ၂ ခွက်တင်ရအောင်ကျိုပေးပါ။ ရလာတဲ့ အုန်းနို့ရည်ကိုလည်း ပန်းကန်လုံးထဲ ထည့်ပေးထားပါ။

ဆေးထားတဲ့ ဆန်ကို rice cooker ထဲထည့်၊ ရေကို နို့ဆီဗူး ၂ လုံးခွဲနဲ့ ကျိုထားတဲ့ အုန်းနို့ရည်ကို ထည့်ပါ။ ပြီးရင် လှီးထားတဲ့ ကြက်သွန်တွေကို ထည့်ပြီး ထမင်းပေါင်းအိုးခလုပ်ကို နှိပ်လိုက်ရုံပါပဲနော်။

ထမင်းအိုး ပွက်လာတဲ့အချိန်ကျရင်တော့ ထမင်းအိုးကို အထက်အောက် နှံ့အောင် မွှေပေးပါနော်။

ထမင်းအိုး ခလုပ်တက်တက်ပြီးချင်းမှာလည်း ထမင်းမခူးလိုက်နဲ့ဦးနော်။ အနည်းဆုံး ၁၅ မိနစ်၊ မိနစ် ၂၀ လောက် နှပ်ပေးထားလိုက်ဦးနော်။ ပြီးမှ ထမင်းခူးပါနော်။

အုန်းထမင်းနဲ့ တွဲစားတတ်တဲ့် ဟင်းတွေကတော့ ကြက်သားဟင်း၊ အမဲနှပ်၊ သခွားသီးသနပ်၊ ဘာလချောင် ကြော်၊ သခွားသီး၊ တညင်းသီးပြုတ်၊ ချဉ်ပေါင် (သို့မဟုတ်) ကင်ပွန်းချဉ်ရွက် ဟင်းရည်တို့ပါနော်။

ကျွန်မတို့အိမ်မှာတော့ အုန်းထမင်းချိုးနဲ့ မုန့်ဟင်းခါးကို တွဲစားတတ်ပါတယ်။ အုန်းထမင်းနဲ့ ဒူးရင်းသီးနဲ့နယ်၊ သကြားလေးဆားလေးထည့်ပြီး နယ်စားတတ်ပါတယ်။ သရက်သီးမှည့်နဲ့လည်း စားတတ်ပါတယ်။ တစ်ခါတလေတော့ အမဲသားကြွပ်ကြော်၊ ကြက်သားကြွပ်ကြော်တို့နဲ့လည်း စားတတ်ပါတယ်။

အုန်းထမင်းအိမ်မှာချက်ဖြစ်တဲ့နေ့ကျမှ ဓာတ်ပုံတင်ပေးမယ်နော်။ အခုတော့ အင်တာနက်ထဲက အုန်းထမင်းပုံလေးနဲ့ပဲ အာသာဖြေလိုက်ဦးနော်။

မှတ်ချက်။ ဆန်ပျော့မယ်လို့ ထင်ရင် ရေလျော့ထည့်ပါနော်။ ရိုးရိုးဆန်ကို ဘာစမာတီဆန်လေး ရောပြီးချက်ရင် ထမင်းသား ပိုလှပါတယ်နော်။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts