Wednesday, June 11, 2014

ကိုယ့်ကိုယ်ကို မကြာခဏ သတ်သေနေကျ

 

'စိတ်ညစ်လို့ အရက်ကို သောက်တယ်၊ အရက်သောက် တော့ ပိုစိတ်ညစ်တယ်၊ အကြောင်း ရှာတော့ ခေါင်းထဲမှာ ချာချာလည်'
ခပ်ငယ်ငယ်က ကြားဖူး တဲ့ သီချင်း၊ ကိုယ်တိုင်လည်း သီဆို ခဲ့ဖူးတဲ့သီချင်းပါ။ သီချင်းအဓိပ္ပာယ် ကို ခံစားနားလည်တာထက် ဆိုလို့ ကောင်း၊ ဟစ်လို့ကောင်းတဲ့ အဲဒီ ခေတ် အဲဒီအချိန်အခါက ခေတ် စားနေခဲ့တဲ့ သီချင်းမို့
ဟစ်ခဲ့တယ် ဆိုရင် မမှားပါဘူး။ အဲဒီနောက် တော့ မြတ်လေးရဲ့ 'ကပြားမလေး ညိုပြာညက် ဂိုယာရမ်' ဖြစ်သွား ပြန်ရော။ အရက်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ အကျိုးအကြောင်း အမျိုးမျိုး၊ ခံစား ချက်အသွယ်သွယ်နဲ့ ဖော်ပြခဲ့ကြ တဲ့ အဲဒီသီချင်းများဟာ လူငယ်ထု ထဲမှာ ကျော်ကြားခဲ့သလို တစ်စုံ တစ်ရာ သြဇာလည်း သက်ရောက် ခဲ့ပါရဲ့။
လူတိုင်း လိုက်နာကြရ မယ့် ငါးပါးသီလထဲက တစ်ပါးဖြစ် တဲ့ အရက်သေစာ သောက်စားမူး ယစ်ခြင်းဆိုတဲ့ ကိစ္စဟာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အရက် ကြောင့် ကြောက်စရာအမှားတွေကို လွန်ကျူးမိတာ၊ အရက်ကြောင့် ဘဝရဲ့ မျှော်လင့်ချက်တွေ ဆုံးပါး သွားတာ၊နောက်ဆုံး အရက်ကြောင့် ဘဝပျက်ရတာအထိ တွေ့ရတတ် ပါတယ်။ အရက်ဟာ မကောင်းမှု လုပ်ဖို့အတွက် ရဲဆေးတင်ပေးတဲ့ ဆေးတစ်ခွက်ပါ။ ဒါကြောင့်လည်း သင့်တာ၊ မသင့်တာ၊ လျော်ကန် တာ၊ မလျော်ကန်တာတွေ မစဉ်း စားမိတော့ စိတ်နောက်ကိုယ်ပါ လုပ်မိသွားကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် အရက်ကို ဘာသာ ပေါင်းစုံက တားမြစ်ကြတာပါ။
အရက်နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သိချင်ရင် နိုင်ငံ ကျော် စာရေးဆရာ၊ သတင်းစာ ဆရာကြီး လူထုဦးလှရဲ့ 'အရက် သမား အမှားတစ်ထောင်' စာအုပ် ကို ဖတ်ရှုလေ့လာရင် တွေ့နိုင်မှာ ဖြစ်သလို တခြားတခြား စာရေး ဆရာကြီးတွေ၊ နိုင်ငံကျော် ပုဂ္ဂိုလ် ကြီးတွေရဲ့ ပညာပေး ရေးသားခဲ့တဲ့ စာတွေလည်း အများအပြားပါ။ အလင်္ကာကျော်စွာ ရွှေမန်းတင် မောင်ရဲ့ 'မောင်မူး' ဇာတ်ထုပ်ဟာ လည်း အရက်ရဲ့ မကောင်းကျိုးနဲ့ အရက်ကြောင့် လူတောမတိုး နိုင်တဲ့ ဘဝကနေပြီး အရက်ကို လူ က ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့အ တွက် မောင်မူးရဲ့ အခြေအနေတွေ အောင်မြင်တိုးတက်ခဲ့ပုံတွေကို သ ရုပ်ဖော်ထားတာ ဖြစ်ပါတယ်။
အမှန်ပါပဲ။ အရက်က လူကို နိုင်သွားတဲ့အခါ လူဟာ အ ရက်ရဲ့ကျေးကျွန် ဖြစ်သွားပါတော့ တယ်။ အရက်နဲ့ ပတ်သက်ရင် ပထမတစ်ခွက်ကိုသာ လူက သောက်ခဲ့တာဖြစ်ပြီး ခွက်အရေ အတွက် များလေလေ အရက်က လူကို ပြန်သောက်လာလေလေဖြစ် ပြီး နောက်ဆုံးမတော့ အရက်ကပဲ လူကို အနိုင်ယူပြီး နောက်ကောက် ကျအောင် ထိုးသွားခဲ့တာကို အား လုံးလက်ခံကြရမှာပါ။ အရက်ရဲ့ ကျေးကျွန်ဖြစ်သွားတဲ့အခါ မူလ ကိုယ်ရည်ကိုယ်သွေး၊ အစွမ်းအစနဲ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထူးထူးခြားခြား ကွန့်မြူးစွမ်းဆောင် နိုင်တဲ့ အရည်အချင်းတွေအားလုံး ဟာ နှမြောစဖွယ် သဲထဲရေသွန် ဖြစ်သွားခဲ့ရပါတယ်။
အဲဒီလိုပုဂ္ဂိုလ်တွေဟာနယ်ပယ်ရပ်ဝန်းအသီးသီးမှာထင်ရှားအောင်မြင်တဲ့သူတွေ၊ တစ် ခေတ်တစ်ယောက်လို့ ပြောရ လောက်အောင် ထူးချွန်တဲ့သူတွေ ဖြစ်ပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာနယ်ပယ်တွေမှာ ပရိသတ်ချစ်တဲ့သူတွေ ဖြစ်ကြရုံ မက စီးပွားရေးလောကမှာလည်း ရှေ့ဆောင်နွားလားတွေလို ဦး ဆောင်ဦးရွက်ပြုပြီး အောင်မြင်ကြ တဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါပေ မယ့် သူတို့ရဲ့ ထူးထူးခြားခြား အ ရည်အချင်းတွေဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ထူးထူးခြား ခြား ရောက်သွားတဲ့အခါ ထူးထူး ခြားခြားပဲ ဘဝပြောင်းသွားကြရပါ တော့တယ်။
သေရည်သေရက်ဆိုတဲ့ အတိုင်း လူတစ်ယောက်ရဲ့ ရုပ် ဘဝနဲ့ ဂုဏ်သိက္ခာအားလုံးကို သေသွားစေနိုင်တဲ့ သေရည်မို့ ရုပ် ပျက်ဆင်းပျက်နဲ့လမ်းဘေးမှာ လဲ နေတဲ့သူတွေ၊ ဆိုက်ကားပေါ်မှာ ခေါင်းငိုက်စိုက် ပါသွားတဲ့သူတွေ၊ စားသောက်ဆိုင်ထဲက ခြေလှမ်း မမှန်ဘဲ ထွက်လာကြတဲ့ပုဂ္ဂိုလ်တွေ၊ မူးလာတဲ့အချိန် အမှားအမှန် မခွဲ ခြားတော့ဘဲ 'ငါ့စကား နွားရ' ပြော ချင်ကြတဲ့ ဆရာတွေ၊ ဒါ့ထက်တစ် ဆင့် လွန်လာတဲ့အခါ အရက်အ ရှိန်နဲ့ သွေြး<ွကပြီး ထိုးကြ နှက်ကြ ကန်ကြ ကျောက်ကြ မကြီးမငယ်နဲ့ နပန်းထလုံးကြတဲ့အထိ ဖြစ်ကြတဲ့ နိုင်ငံကျော်ကြီးတွေအထိ  တွေ့ဖူး ပါတယ်။ အဲဒီအချိန်မှာ သူတို့တစ် တွေဟာ လူသာမန်တွေ မဟုတ် တော့ပါဘူး။သူတို့ဟာအရက်ရဲ့ ကျေးကျွန်တွေ ဖြစ်သွားတဲ့အတွက် အရက်က စေခိုင်းသမျှ အစအဆုံး အသုံးတော်ခံနေရတဲ့ အရူးတွေ အဖြစ် မြင်ပါတယ်။ ဒါထက်ပိုပြီး အခြေအနေ ဆိုးသွားရင်တော့ ဘာ ထရန်ရပ်ဆဲလ်ရဲ့ စကားကိုယူပြီး 'ကိုယ့်ကိုယ်ကို ခဏ သတ်သေကြ တဲ့သူတွေ' လို့ ပြောရပါတော့ မယ်။
အမှန်ပါပဲ။ ကမ္ဘာသိတဲ့ အင်္ဂလိပ်လူမျိုး တွေးခေါ်ပညာရှင် ဘာထရန်ရပ်ဆဲလ်-Bertrand Russel က"Drunkenss is temporary suicide,the happiness that it bring is merely negative a momentary cessation of unhappiness" - 'အရက်မူးတဲ့သူ ဆိုတာ ကိုယ့်ကိုယ်ကို ခဏသတ် သေတာပဲ။ အဲဒီက ပေါ်လာတဲ့ ပျော်ရွှင်မှုဆိုတာကလည်း အနုတ် သဘောပဲ ဖြစ်ပြီး တဒင်္ဂ စိတ်ညစ် ပျောက်ရုံပဲရှိမှာပါ' လို့ ပြောခဲ့ဖူး ပါတယ်။
မူးလာတော့ လူမှန်း သူ မှန်းမသိ၊ ကောင်းတာဆိုးတာ မခွဲ ခြားနိုင်၊ ဂါရဝတရားတွေ၊ ပြည်သူ့ နီတိတွေ ပျောက်ဆုံးကုန်ရုံမက ဟီ ရိသြတပ္ပဆိုတဲ့ အရှက်တရား အ ကြောက်တရားပါ ကင်းမဲ့သွားလေ တော့ ဘယ်မှာလူလို့ ခေါ်နိုင်ပါ တော့မလဲ။ အရှက်အကြောက်နဲ့ လူလုပ်တဲ့ လူ့လောက၊ လူ့ကျင့် ဝတ်သိက္ခာနဲ့ လူလုပ်တဲ့ လူ့လော ကမှာ အဲဒါတွေလုံးဝ မရှိတော့တဲ့ လူတစ်ယောက်ဟာ ဘယ်မှာ လူ ဟုတ်ပါတော့မလဲ။ လူရဲ့ ရုပ်ခန္ဓာ ကြီးနဲ့ လှုပ်ရှားနေပေမယ့် သူဟာ သေနေတဲ့သူလို့ ပြောရင် ရပါ တယ်။
ဆရာကြီးတစ်ယောက်က ပြောဖူးတယ်။ အရက်နဲ့ ပတ်သက် ရင် အရက်နဲ့အာနိသင်ကို သိချင် လို့ လက်တွေ့စမ်းကြည့်ဖို့ ဘယ် တော့မှ မကြိုးစားပါနဲ့။ အရက် တစ်စက်ကိုတောင် လျှာပေါ်တင် မလျက်လိုက်ပါနဲ့။ တကယ်လို့ များ အရက်ကို တစ်စက်လောက် လျက်မိပြီဆိုရင် အဲဒီက အစချီပြီး တစ်စတစ်စနဲ့ အရက်ရဲ့ကျေး ကျွန်ဖြစ်ဖို့သာ ပြင်ပေတော့တဲ့။
ကိုယ့်ကိုယ်ကို ခဏ ခဏ သတ်နေတဲ့ အရက်၊ ကိုယ့် ကိုယ်ကို ခဏခဏ ရူးသွပ်သွား အောင် လုပ်နိုင်တဲ့ အရက်၊ ဒီ ခဏ ခဏတွေက အစပျိုးလိုက်ရာက တစ်ဆင့် နောက်ဆုံးတစ်ဘဝလုံး ထာဝရ ပျက်ခဲ့ရတဲ့သူတွေ ခင်ဗျား တို့ အနီးအနားမှာ လက်ညှိုးထိုး မလွဲ ရှိနေပါလိမ့်မယ်။ သူတို့ဟာ ခင်ဗျားအတွက် မြင်ဆရာနဲ့ ကြား ဆရာတွေ ဖြစ်မှာ အသေအချာပါ။ အရေးကြီးတာက သူတို့ဟာ မြင် ဆရာ၊ ကြားဆရာအဆင့်ထက်ပိုပြီး ကိုယ့်ရဲ့ သင်ဆရာတွေ ဖြစ်မသွား ဖို့တော့ သတိထားရလိမ့်မယ်။
ဘာကြောင့်လဲ၊ ကောင်း တဲ့ကိစ္စအတွက် အာစရိယပေါင်းစုံ  ကို ချဉ်းကပ်မိတာ ပြဿနာ မရှိ ပေမယ့် မကောင်းတဲ့ ကိစ္စအတွက် သွန်သင်ပေးမယ့် ဆရာတစ် ယောက်လောက် ထားမိရင်တော့ ငါးပါးသာမက သံဃာစင်ပါ မှောက်သွားနိုင်တယ်ဆိုတာ သတိ ထားကြစေချင်လို့ပါပဲ။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts