Wednesday, July 2, 2014

အပျိုစင်လေးများအတွက် သိကောင်းစရာ (၃)


"သမီးရေ ဒီနေ့ ပြောပြမယ့် အကြောင်းအရာက အရေးကြီးတယ်နော်"
"ဒေါ်လေးပြောမှာ အမျိုးသမီးတွေ သားအိမ်ပါပေမယ့် ကလေးဘာကြောင့် မရနိုင်လဲဆိုတဲ့ အကြောင်းကို ပြောမှာ မဟုတ်လား ဒေါ်လေးရယ်"
"ဟုတ်တယ်သမီးရေ... ဒါပေမဲ့ ကလေးမရနိုင်တဲ့ အကြောင်းပြောရရင် အမျိုးသမီးတွေကြောင့်ဘဲ မဟုတ်ဘူး... အမျိုးသားတွေ ကြောင့်ဆိုတာလည်း သိထားဖို့ လိုတယ်သမီး"
"ဟင် ဒေါ်လေး ဘယ်လိုဖြစ်လို့လဲ... အမျိုးသားတွေက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာမှ မဟုတ်တာဘဲ... ဘယ်လိုကြောင့် သူတို့ကြောင့် ကလေးမရနိုင်တာလဲဟင်"
"ဒါကြောင့် အရေးကြီးတယ်လို့ ပြောတာပေါ့... သမီးကို ဒေါ်လေး ပြောပြခဲ့တယ်မဟုတ်လား အမျိုးသမီးသားဥနဲ့ အမျိုးသား သုတ်ကောင်တွေ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်မှ ကိုယ်ဝန်ရှိနိုင်တာလေ မှတ်မိတယ်နော်။"

"ဟုတ်ကဲ့"
"ဒါကြောင့် ကလေးမရနိုင်ဘူးဆိုရင် နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်လို့ပြောတာ၊ တချို့တွေက ကလေးမရဘူးဆိုရင် အမျိုးသမီးတွေကြောင့်လို့ ထင်တတ်ကြတယ်...
အမျိုးသားတွေ သုတ်မအောင်ရင်လည်း ကလေးမရနိုင်ဘူး၊ အမျိုးသမီးတွေလည်း မျိုးဥ မအောင်ရင် ကလေးမရနိုင်ဘူးသမီးရေ အဲလိုလူမျိုးကို (အမြုံ) လို့ခေါ်ကြတယ်၊ ဒါက မိန်းကလေးလဲ ဖြစ်နိုင်သလို အမျိုးသားလည်း ဖြစ်နိုင်တယ်ဆိုတာကို သိထားဖို့ လိုတယ်ကွယ့်"
"သြော် ဟုတ်ပြီ ဒေါ်လေး... ဒါဆို တချို့ ကလေးမရနိုင်တာ ယောက်ျား (သို့) မိန်းကလေးက မြုံနေလို့ပေါ့နော်၊ အင်း.. ဒါပေမဲ့ ကလေးမရ နိုင်လို့ အမြုံလို့ခေါ်တယ်ဆိုရင် ဟိုးတခါ မမဦးတို့ ပြောကြတာက မြုံတယ်ဆိုရင် မိန်းမယုတ်ဆို၊ ဒေါ်လေးသိလား ဟိုး ရပ်ကွက် (က) က အဒေါ်ကြီးတစ်ယောက်လေ ကလေးတစ်ယောက်မှ မရဘဲ မွေးစားထားတော့ ရပ်ကွက်က ဝိုင်းပြောကြတာ၊ သနားပါတယ် အမြုံမက ကလေးမရတော့ မွေးစားရတယ်လို့ ပြောတော့ မိန်းမယုတ်တွေက ဒီလိုဘဲတဲ့ အဲဒါက ဘယ်လိုကြောင့် ပြောတာလဲဟင် ဒေါ်လေး"
"ဟုတ်တယ်သမီး... ဘယ်ကနေ ဘယ်လိုဖြစ်ပြီး အဲဒီစကားလုံးကို မိန်းမယုတ်ရယ်လို့ အဓိပ္ပါယ် ဖွင့်လိုက်သလဲဆိုတာ ဒေါ်လေးမသိဘူး... တစ်ယောက်ပါးစပ်ကနေ တစ်ယောက်က ပြောတာနေမှာပေါ့... မြုံနေတဲ့ ယောကျာ်းတွေကိုတော့ ယောက်ျားယုတ်လို့ မပြောကြဘူးကွယ့်... အဲဒါတော့ ဘာကြောင့်လဲဆိုတာကို ဒေါ်လေးသိတယ်... ယောက်ျားတွေက ကိုယ်ဝန်ဆောင်ပြီး သားမွေးတာ မဟုတ်တော့ သတိမထားမိကြဘူးပေါ့... အမျိုးသမီးတွေကသာလျှင် ကလေးမွေးနိုင်တာကိုး... ဒီတော့ မိသားစုတစ်ခုမှာ ကလေးမရဘူးဆိုရင် မိန်းကလေးကို မြုံနေတယ်လို့ထင်တတ်တယ်... နောက် ယုတ်ညံ့တယ်လို့ နာမည်တတ်ကြတယ်လေ... အတော်လေးတော့ ခက်တယ် သမီးရေ... ဒါကတော့ ပတ်ဝန်းကျင်က အမျိုးသမီးတွေကို ဒီလို ထင်မြင်တွေ ပေးကြတယ်၊ သြော် ကိုယ့်ပတ်ဝန်းကျင်ဆိုတာ မိန်းကလေးတွေလည်း အပါအဝင်ပေါ့... ဒါကြောင့်သမီးရေ ဘယ်အကြောင်းဘဲ ဆွေးနွေးဆွေးနွေး သေချာတဲ့ အချက်အလက်တွေ မရှိရင် ကိုယ့်ဖာသာကိုယ် မေးခွန်းထုတ်ပါ... ကြိုးစားအဖြေရှာကြည့်ပါ... ပါးစပ်ကနေ ပါးစပ် ဆင့်ပွားလုပ်ပြီး အခြေအမြစ်မရှိ မေးခွန်းမရှိတာ တွေမလုပ်ရဘူးနော်။" 
"ဟုတ်ကဲ့ဒေါ်လေးသမီးနားလည်ပါပြီ"
"ကလေးမရနိုင်ဘူးဆိုရင်တော့ ဆရာဝန်ကို သေချာပြ စမ်းသပ်စစ်ဆေးပြီးမှ မြုံမမြုံဆိုတာ သိရမှာဖြစ်သလို ဘယ်သူ့ဖက်က အားနည်းချက်လည်းဆိုတာ သိရမှာပေါ့ကွယ်... ကဲနောက်တစ်ချက်ကို ထပ်သွားမယ်။"
"ဆေးလိပ်၊ အရက်သောက်တဲ့ အမျိုးသားတွေမှာ သုတ်ကောင်ထွက်တာ နည်းစေတယ်လေ၊ မိန်းကလေးတွေ အတွက်ကတော့ ကိုယ်ဝန်ရှိနေချိန်ဆိုရင် ကိုယ်ဝန်ပျက်ကျတတ် တယ်ကွဲ့၊ ဒါကြောင့် ကလေးခဏခဏ ပျက်ကျတတ်တဲ့သူတွေ၊ နောက်ကလေးအရမ်း လိုချင်ပေမယ့် အသောက်အစား လုပ်နေသူတွေကို သတိပေးရတာပေါ့ကွယ်၊ ဒါကြောင့် ကလေးလိုချင်ရင် အဲဒီအလုပ်ကို ရပ်ပစ်လိုက်ရ မယ်လေ။"
"ငှက်ဖျားဆေးတို့၊ အမီးဘားပိုးကို သတ်တဲ့ဆေးတွေဆိုရင်လည်း သောက်တာများတဲ့အခါ သုတ်ကောင်ထုတ်လုပ်မှုနှုန်းတွေကို ထိခိုက်စေနိုင်တယ်လေ ဒီဆေးတွေ သောက်ရပ်ပြီး ရင်တော့ ပြန်ပြီး ပုံမှန်ဖြစ်လာမှာပေါ့လေ၊ နောက် လိင်ဆက်ဆံတယ်ဆိုတဲ့အခါမှာလည်း မျိုးဥကြွေတဲ့ အချိန်အတောအတွင်းမှာ ပုံမှန်လိင်မဆက်ဆံဘူးဆိုရင်လည်း
ကလေးမရနိုင်ဘူးပေါ့၊ အစားအသောက်မှာလည်း အဟာရရှိတဲ့ အစားအစာတွေမရရှိရရင်လည်း ကလေးမရနိုင်ဘူးလေ။"
"ဟင် ဒေါ်လေးအဲဒါဆို ဆင်းရဲတဲ့ လူတွေက ကလေးတွေ အများကြီးမွေးနေကြတာဘဲ သူတို့ ကအဟာရပြည့်တဲ့ အစားအသောက် တွေမစားရဘဲနဲ့..."
"သမီးက သိပ်တော်တာဘဲ... ဒီလိုသမီးရေ... ခုအချက်တွေက ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို ဒေါ်လေးနားလည်သလို ရှင်းပြတာလေ... တကယ်လို့ အမျိုးသားသုတ်ရည်နဲ့ မမျိုးဥနဲ့ တွေ့တဲ့အခါ ကိုယ်ဝန်ဆောင်နိုင်တာဘဲလေ၊ တချို့ကတော့ အိမ်ထောင်ပြုပြီး ၆လမှ ကိုယ်ဝန်ဆောင်တတ်ကြတယ်ကွဲ့၊"
"ဒေါ်လေးပြောတော့ တစ်ကြိမ်တည်းနဲ့ လိင်ဆက်ဆံရင်လည်း ကိုယ်ဝန်ဆောင်တတ်တာဘဲဆို..."
"ဟုတ်တယ်... တစ်ကြိမ်တည်း လိင်ဆက်ဆံရုံနဲ့ ဘာမှမဖြစ်ဘူးလို့ တွက်လိုက်ရင် ခက်သွားမယ်နော်၊ ဒါကြောင့် ဒေါ်လေးက တချို့လို့ ပြောတာပေါ့၊ သူတို့လိင်ဆက်ဆံတဲ့အချိန်နဲ့ မမျိုးဥကြွေတာနဲ့ သုတ်ကောင်တွေနဲ့ တွေ့သွားရင်၊ တခါတည်း ကိုယ်ဝန်ဆောင်သွားရော အဲလိုလေ။"
"သြော်"
"နောက် တချို့ ကိုယ်ဝန်မဆောင်နိုင်တာကတော့ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရသွားတဲ့ အခါမှာလည်း ဖြစ်တတ်တယ်။"
"ဟင်... လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါဆိုတာ ဘာလဲဟင် ဒေါ်လေး"
"အင်း၊ ဒီလိုလေ သမီးနားလည်အောင် ပြောရမယ်ဆိုရင် ဒီလူက သိပ်ပွေတာဘဲဆိုတာကို ကြားဖူးလား၊"
"ဟုတ်ကဲ့ သိပါတယ်ဒေါ်လေး၊ အမျိုးသမီးဘဲဖြစ်ဖြစ် အမျိုးသားဘဲဖြစ်ဖြစ် ရည်းစားတွေ အများကြီးထားတာကို ပြောတာပါ ဒေါ်လေး၊"
"အင်းဟုတ်ပြီ၊ ဒါပေမဲ့ ဒီနေရာမှာက ရည်းစားထားရုံသက်သက် မဟုတ်တော့ဘူး သမီးရေ၊ လိင်ဆက်ဆံတာပါ ပါလာတော့တာပေါ့"
"ဟင်း"
"ဟုတ်တယ်သမီး၊ တချို့ကလည်း အိမ်ထောင်ကျပြီးပေမယ့် အပြင်မှာ ကိုယ့်အိမ်ထောင်သည်မဟုတ်ဘဲ လိင်ဆက်ဆံတာတွေ ရှိတယ်၊ တစ်ယောက်တည်းကို မဟုတ်ဘဲနဲ့ လိင်ဆက်ဆံတာမျိုးပေါ့၊ တချို့ကလည်း သမီးရည်းစား ဘဝမှာကတည်းက ပွေတာမျိုးရှိတယ်... အိမ်ထောင်ကျသွားမှ ငြိမ်သွားကြတာလည်း ရှိတယ်လေ။ အဲလိုမျိုး တစ်ဦးထက် ပိုပြီး အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာမျိုးဆိုရင် တစ်ဦးမှာရှိတဲ့ ရောဂါတစ်ဦးကို ကူးသွားတာပေါ့ ဒါကြောင့် လိင်ကြောင့်ကူးစက်တဲ့ရောဂါလို့ ပြောတာကွဲ့ ရှင်းလားသမီး၊"
"ရှင်းတော့ရှင်းပါတယ် ဒေါ်လေး... ဒါပေမဲ့ ဟို... အကာအကွယ်သုံးပြီး လိင်ဆက်ဆံရင် မကူးဘူးဆိုတဲ့ သဘောလား၊ ဒါဆို အကာအကွယ် ဆိုတာဘာလဲဟင်၊"
"ဒေါ်လေးက ကိုယ်ဝန် ဘာကြောင့်မဆောင်လဲလို့ ရှင်းရင်းနဲ့ လိင်ကြောင့် ကူးစက်တတ်တဲ့ရောဂါ ရှင်းပြနေတော့ ရှုပ်ကုန်အုံးမယ်... နောက်မှ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါအကြောင်းတွေကို ရှင်းပြမယ်နော်။ အင်း၊ အကာအကွယ်ဆိုတာ ကွန်ဒုံးကိုပြောတာ၊ ကွန်ဒုံးသုံးရင်တော့ လိင်ကြောင့် ကူးစက်နိုင်တဲ့ရောဂါကို ကာကွယ်နိုင်တာပေါ့၊ နောက် အိမ်ထောင်သည်တွေမှာ ကွန်ဒုံးသုံးရင် လည်းကိုယ်ဝန်မရနိုင်ဘူးလေ။"
"ကွန်ဒုံးဆိုတာဘာလဲ ဒေါ်လေး"
"ကွန်ဒုံးဆိုတာကတော့ ရာဘာနဲ့ လုပ်ထားတဲ့ အမျိုးသားလိင်တံအစွပ် (သို့) အမျိုးသမီးလိင်တံအစွပ်ကို ပြောတာပါဘဲ... အဲဒါတွေကို စွပ်ထားခြင်းအားဖြင့် လိင်ကြောင့်ကူးစက်တဲ့ ရောဂါကို ကာကွယ်နိုင်သလို ကိုယ်ဝန် မဆောင်နိုင်အောင်လည်း စွမ်းဆောင်နိုင်တာပေါ့၊ နောက်တစ်ပတ်ကျရင် သမီးကို လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါအချို့အကြောင်းနဲ့ ကွန်ဒုံးသုံးနည်းကိုတွေ ကိုပြောပြပေးမယ်နော်။"
"ဟုတ်"
"ကဲ... သမီးရေ ဒေါ်လေးပြောနေတဲ့ အချက်တွေ လွဲချော်ကုန်အုံးမယ်။ နောက်တစ်ချက်က အမျိုးသမီးတွေ သားအိမ်ကင်ဆာဖြစ်တာ ဖြစ်ဖြစ်၊ အခြေအနေ တစ်ခုခုကြောင့် သားအိမ်ထုတ်လိုက်ရတယ် ဆိုရင်လည်း ကိုယ်ဝန် မဆောင်နိုင်တော့ဘူးပေါ့၊ ကဲ ခုပြောတဲ့ အချက်တွေနဲ့  ခုနက ဒေါ်လေးပြောတဲ့ အချက်တွေကတော့ ကိုယ်ဝန်မဆောင်ခြင်းရဲ့
အကြောင်းအရင်း တချို့တွေဘဲသမီး၊"
"ဒါဆို အမျိုးသမီးဖြစ်တိုင်း ကိုယ်ဝန်ဆောင်ချင်မှ ဆောင်နိုင်မယ်၊ အမျိုးသားဖြစ်တိုင်း မျိုးပွားနိုင်ချင်မှ မျိုးပွားနိုင်မှာပေါ့နော် ဒေါ်လေး"
"ဒါပေါ့သမီးရဲ့... လူတိုင်းကတော့ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်စွာ ထမ်းဆောင်ချင်ကြတဲ့ လူတွေကြီးဘဲပေါ့၊ ဒါပေမဲ့ အခြေအနေ အကြောင်းကြောင့် ကလေးမရနိုင်တဲ့ အခါမှာလည်း လူသားနှစ်ဦးက တစ်ဦးကို တစ်ဦး နားလည်နေဖို့ လိုအပ်တာပေါ့... သိပ်ပြီး တစ်ဦးနဲ့ တစ်ဦး မျှော်လင့်ချက်တွေ ကြီးကြီးထားပြီး အိမ်ထောင်ပြုလိုက်ပြီးမှ ကလေးမမွေးနိုင်လို့ဆိုပြီး လင်မယားကွဲကြရင်တော့ ပြဿနာရှိတယ် သမီးရေ ဒါကြောင့် ဘာလုပ်လုပ် ကြိုတင်ပြီး လုပ်မယ့်အရာတွေကို စဉ်းစားထားဖို့လိုတယ်။"
"သမီးကတော့လေ ယောက်ျားလေးမရလို့၊ ကလေးမရလို့၊ ကလေးတွေက များလိုက်တာဆိုပြီး ခဏခဏ ပြဿနာဖြစ်တဲ့ အိမ်ထောင်သည်တွေ တွေ့ဖူးတယ်... ခုနက ဒေါ်လေးပြောတဲ့ ရောဂါသည်ကိစ္စတော့ သမီးမသိသေးဘူး... ဒါဆို ဒေါ်လေးပြောပြမှ လူတွေ ဘဝတည်ဆောက်တဲ့အကြောင်း သိသထက် သိလာတော့ သမီးတောင် ရည်းစားထားပြီး အိမ်ထောင်ပြုရမှာတောင် ကြောက်လာပြီ ဒေါ်လေးရယ်"
"အိုး... မဟုတ်တာဘဲသမီးရယ်၊ ကိုယ်က အိမ်ထောင်မပြုခင်ကတည်းကနေ စဉ်းစားထားရမှာပေါ့... အိမ်ထောင်တစ်ခု တည်ဆောက်ခါနီးမှာ နှစ်ဦးစလုံးက ရောဂါရှိမရှိ စစ်ဆေးဖို့ လိုအပ်တယ်။ ပြီးရင် ကလေးယူမှာလား ယူရင် ဘယ်နှစ်ယောက် ယူမှာလဲ... နောက် ကလေးရော နှစ်ဦးနှစ်ဖက်စလုံး ရနိုင်လား မရနိုင်ဘူးလားဆိုတာလည်း စစ်ဆေးထားဖို့
လိုအပ်တယ်... နောက်ပြီး၊ ကလေးယူရင် ယောက်ျားလေး မရခဲ့သည်ရှိသော်၊ မိန်းကလေး မရခဲ့သည်ရှိသော် ဆိုတဲ့ အချက်တွေကို သေချာတွက်ချက်ရင်း ဘဝတည်ထောင်ဖို့ တွက်ကို လုံလောက်တဲ့ ပညာအရည်အချင်း၊ အလုပ်အကိုင်နဲ့ သစ္စာတရား၊ မေတ္တာတရားတွေကို ကြိုပြီး ခန့်မှန်းစဉ်းစား တိုင်ပင်ထားမှသာလျှင် မိန်းမ တစ်ယောက်ဘဲဖြစ်ဖြစ်၊
ယောက်ျားတစ်ယောက်ဘဲဖြစ်ဖြစ် အိမ်ထောင်သည်ဘဝဆိုတဲ့ သာယာမှုကို ရလာမှာပေါ့။ ဒါ အနည်းဆုံး စဉ်းစားရမယ့် အချက်ကို ပြောတာနော်... ဒီထက်မက စဉ်းစားရမယ့် အချက်တွေရှိတယ်... ဒါက အပေါ်ယံသက်သက်ဘဲ ရှိသေးတယ်သမီးရေ၊ ဒါပေမဲ့ ဘယ်ကိစ္စမဆို လွယ်လွယ်ကလေးတွေးပြီး၊ လွယ်လွယ်ကလေးလုပ်လို့ မရတာ သမီးလည်း သိတာဘဲ... ဒီတော့ ကျော်ဖြတ်မှုတစ်ခုကို ရင်ဆိုင်ရဲရမယ်၊ မရင်ဆိုင်နိုင်ရင် ဆုံးဖြတ်တာကတော့ ကိုယ်တိုင် တစ်ဦးချင်းရဲ့ တာဝန်ဘဲ သမီးရေ၊ ဒါကြောင့် အချက်အလက်ကို သိရုံလေးနဲ့ လန့်မသွားနဲ့ သမီးအတွက် အချိန်တွေ အများကြီးရှိပါသေးတယ်"
"ဒေါ်လေးပြောတာလည်း ဟုတ်ပါတယ်... သမီးကတော့လေ အင်ဂျင်နီယာမကြီး ဖြစ်ရင်တော့ တဖြည်းဖြည်းနဲ့ ဒေါ်လေးပြောတဲ့ အချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်မှာ... ဒေါ်လေးလို သမီးလည်း အပျိုကြီးလုပ်ရင်လည်း လုပ်မှာပေါ့ ဟင်းဟင်း--"
"ကဲ... ဟုတ်ပါပြီ၊ ဒေါ်လေးလည်း အလုပ်သွားလိုက်အုံးမယ်၊ သမီးလည်း စာကျက်နော်... ဒီနှစ်က သမီးမျှော်မှန်းတဲ့ အင်ဂျင်နီယာကြီးဖြစ် အောင်လုပ်ရမယ့်နှစ်နော်၊ ဒေါ်လေးက ပြောသာပြောတာပါ... သမီးလေးက လိမ်မာပြီးသားဘဲ... ကဲကဲ ဒေါ်လေးသွားမယ်"
အပျိုစင်လေးများ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချိုးလင်းပြာ - အပျိုစင်လေးများအတွက် သိကောင်းစရာ (၃)

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts