Wednesday, July 2, 2014

အပျိုစင်လေးများအတွက် သိကောင်းစရာ (၄)


“ဟော ဒီနေ့ သမီးတို့ သူငယ်ချင်းတွေ စုံနေပါလားဟေ့။ သူငယ်ချင်းတွေလည်း စုံနေတယ်ဆိုတော့ ဒီနေ့ ဒေါ်လေးတို့ စကားမပြောတော့ဘူးနော်။ သူငယ်ချင်းတွေကို ဧည့်ခံလိုက်ပါဦး...  ဟုတ်ပြီလား”
“ဟာ မဟုတ်တာ ဒေါ်လေးကလည်း။ သမီးက ဒေါ်လေးပြောပြတဲ့ အကြောင်းတွေကို သူတို့ကို ပြန်ပြောပြတော့ သူတို့ကလည်း ဗဟုသုတရတယ်တဲ့။
သူတို့ကိုယ်တိုင်လည်း ဒေါ်လေးပြောတာတွေကို ကိုယ်တိုင် နားထောင်ချင်တယ်တဲ့၊ အဲဒါကြောင့် ဒေါ်လေးလာမယ့် အချိန်ကို သူတို့ကို ပြောထားလို့ ရောက်နေတာလေ ဒေါ်လေးရဲ့”
“ဟုတ်ပါတယ် ဒေါ်လေး၊ သမီးတို့လည်း နားထောင်ချင်ပါတယ်”  လူငယ် ၅ ဦး တပြိုင်တည်း အသံထွက်လာပြီး  ခပ်ကြိတ်ကြိတ် ရယ်သံလေးများလည်း ထွက်လာသည်။
“သြော် ဟုတ်ပြီ။ သမီးတို့ကိုယ်တိုင်က စိတ်ဝင်စားတယ်ဆိုတော့ ကောင်းတာပေါ့ကွယ်။ ကဲ ဒီလိုဆိုလည်း စလိုက်ရအောင်၊ ဒီတစ်ခေါက်တော့ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်းကို ပြောသွားမယ်လေ”
“လိင်ဆက်ဆံတဲ့အတွက်ကြောင့် ကူးစက်နိုင်တဲ့ ရောဂါအမျိုးအစားကို အရင်ပြောပြမယ် သမီးတို့ရေ... ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ (၁) မွေးလမ်းကြောင်းနာရောဂါ၊ (၂) မက်ခရုလို့ခေါ်တဲ့ အဖြူဆင်းတဲ့ရောဂါ၊ (၃) လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်လာတာ၊ (၄) လိင်အင်္ဂါမှာ ရေယုံပေါက်လာတာမျိုးနဲ့ (၅) အသည်းရောင်ရောဂါ (ဘီ)တို့ပေါ့။ ”
“ဟင် ဒေါ်လေး၊ ဟို အေအိုင်ဒီအက်စ်ရောဂါက လိင်ကြောင့် ကူးစက်တတ်တဲ့ရောဂါထဲမှာ မပါဘူးလားဟင်” အဝါရောင်တီရှပ် ဝတ်ထားသော ကောင်မလေးက မေးလိုက်ခြင်းပင်။
“ပါတယ်သမီးရဲ့၊ ဒါပေမဲ့ အေအိုင်ဒီအက်စ်ရောဂါက လိင်ဆက်ဆံတာ တစ်မျိုးတည်း မဟုတ်ဘဲ အခြားနည်းလမ်းတွေနဲ့လည်း ကူးတတ်တယ်လေ။ ဒါကြောင့် ဒေါ်လေးက အဲဒါကို နောက်မှ ခေါင်းစဉ် တစ်ခုအနေနဲ့ ပြောပြမလို့ပါ”
“ဟာ ဒေါ်လေး၊ သမီးတို့အားလုံးက အဲဒီအကြောင်းပြောမယ်လို့ ထင်နေတာ”
“သြော် ဟုတ်ပြီ သမီးတို့အားလုံးက အေအိုင်ဒီအက်စ်အကြောင်းကို သိချင်ကြတာလား”
“ဟုတ်ကဲ့ ဒေါ်လေး” ပြိုင်တူအသံထွက်လာပြန်သည်။
“သြော် ဒေါ်လေး၊ သမီးက မိုမိုပါ၊ သမီး အေအိုင်ဒီအက်စ် အကြောင်းကိုလည်း သိချင်ပါတယ်။ ဒါပေမဲ့ ဒေါ်လေးပြောတဲ့ထဲမှာ အဖြူဆင်းတဲ့ရောဂါက လိင်ဆက်ဆံတာကြောင့်  ကူးစက်တတ်တယ်လို့ ပြောတော့ သမီး ...” အသံတိတ်သွားသော သူမကို ကြည့်၍ ချက်ချင်း သဘောပေါက်လိုက်သည်။
“သြော် ဟုတ်တယ်၊ အဲဒါလေးကို ဒေါ်လေး နည်းနည်း အရင်ရှင်းပြလိုက်မယ်။ ပြီးမှ အေအိုင်ဒီအက်စ်အကြောင်း ပြောကြတာပေါ့ကွယ်နော်၊ ဒါက သမီးမိန်းကလေးတွေအတွက် အရမ်းကို အရေးကြီးတယ်လေ”
“ဟုတ်ကဲ့ ဒေါ်လေး”
“မိန်းကလေးတွေမှာ အဖြူဆင်းတာမျိုး ဖြစ်တတ်တာရှိတယ်၊ လိင်ဆက်ဆံလို့ မဟုတ်ဘဲနဲ့ပေါ့။ သမီးတို့လည်း သတိထားမိမှာပေါ့။ တစ်လတစ်ကြိမ် သွေးမဆင်းခင်မှာ အဖြူနည်းနည်း ဆင်းတတ်တာလေ”
“ဟုတ်ကဲ့ သတိထားမိပါတယ် ဒေါ်လေး”
“ဟုတ်ပြီ တခါတလေကျရင်လည်း အိပ်ရေး သိပ်ပျက်တဲ့အခါ အထူးသဖြင့် သမီးတို့စာမေးပွဲဖြေ ချိန်ဆိုရင် ညဥ့်နက်သန်းခေါင် စာကျက်တဲ့အခါလေ၊ အဲဒီလိုမျိုး အချိန်ကျရင်လည်း အဖြူဆင်းတတ်တယ်။ နောက်တစ်ခုက အားနည်းတဲ့အခါမှာလည်း ဖြစ်တတ်တယ်လေ၊ တခါတလေ နည်းနည်းလေးဆင်းပေမယ့် တခါတလေ ခေါင်းတွေမူးတဲ့အထိ များတတ်တယ်လေ”
“ဟုတ်ပါတယ် ဒေါ်လေး၊ သမီးလည်း အဲဒီလို တခါတလေ ဖြစ်တတ်ပါတယ်ရှင့်”
“အဲဒီလို ဖြစ်တဲ့အခါမှာလည်း အနံ့တွေ ဆိုးဆိုးရွားရွား နံတာမျိုး၊ အလွန်ယားယံတာမျိုး မဖြစ်ရင် ကိစ္စမရှိဘူးပေါ့ကွယ်၊ တစ်ခုတော့ရှိတယ်၊ သမီးတို့ အတွင်းခံဘောင်းဘီတွေ မသန့်တဲ့အခါမှာတော့ ယားယံတတ်တယ်ကွယ့်၊ ဒါကြောင့် အဲဒါလေးတွေ သိထားဖို့လိုတယ်နော်၊ ကဲ သမီးလေးမိုမို မေးချင်တာရှိသေးလား၊ ဒေါ်လေးပြောတာ ရှင်းရဲ့လား။”
“ဟုတ်ကဲ့ ဒေါ်လေး၊ ရှင်းပါပြီ၊ သမီးက အိပ်ရေးလည်းပျက် ကျန်းမာရေးလည်း မကောင်းထားတာကြောင့် လွန်ခဲ့တဲ့အပတ်ကဘဲ ဆေးပုလင်းချိတ်ရပါတယ်။ နောက် အားလည်း နည်းနေပါတယ်။ ဒါကြောင့် အဖြူဆင်းတာ နားလည်သွားပြီ။ ကျေးဇူးတင်ပါတယ် ဒေါ်လေး”
“ရပါတယ်ကွယ်၊ သမီးတို့ မိန်းကလေးတွေအားလုံး သိထားသင့်တဲ့ အရာလေးတွေကို ဒေါ်လေး ပြောပြရတာ ကျေနပ်ပါတယ်။ တကယ်လို့သာ သာမန်မဟုတ်ဘဲ အနံ့ဆိုးတွေနဲ့ ယားယံမှုတွေ ဖြစ်လာရင် ဆရာဝန်ကို ချက်ချင်း ပြသင့်တယ် ဆိုတာကိုတော့ ပြောချင်တယ်။ ကဲ ကဲ သမီးတို့သိချင်တဲ့ အေအိုင်ဒီအက်စ်အကြောင်း ပြောပြမယ်နော်”
“ဟုတ်ကဲ့ ဒေါ်လေး” စိတ်ဝင်တစားနှင့် ကိုယ်နေဟန်ထားပါ ပြင်လိုက်သော သူတို့လေးတွေအား မိမိနှစ်ခြိုက်မိပါသည်။
“အေအိုင်ဒီအက်စ်ရောဂါ ကူးစက်တာ အချက် (၃) ချက်ရှိတယ်ကွဲ့။ (၁) လိင်ဆက်ဆံခြင်းကြောင့်လည်း ကူးစက်တတ်တယ်။ အေ့စ်ရောဂါပိုးက “မိန်းမ၊ ယောက်ျားသုတ်ရည်”မှာ ရှင်သန်တာကိုး။ (၂) မိခင်နို့ရည်ကနေ တဆင့်လည်း ကူးစက်တတ်တယ်၊ နို့ရည်ထဲမှာလည်း အေ့စ်ရောဂါက ရှင်သန်တယ်ကွယ့်၊ (၃) အဲဒီ ရောဂါရှိနေတဲ့လူရဲ့ သွေးကို သွင်းမိရင်လည်း သွေးထဲမှာ အေ့စ်ရောဂါက နေတဲ့အတွက် ကူးစက်တာပေါ့။ အဲဒီ အေအိုင်ဒီအက်စ်ရောဂါဆိုတာက လူကို ခုခံအားကျဆင်းနိုင်တဲ့ ရောဂါပိုး (HIV) လို့လည်း ခေါ်တယ်။ သူက အထူးဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ဖြစ်တာပေါ့။ အဲဒီ ဗိုင်းရပ်စ်ပိုးက သိပ်သေးငယ်ပြီး လူကို မကျန်းမမာ ဖြစ်စေတာပေါ့၊ နောက် အထူးဗိုင်းရပ်စ်ပိုးက လူ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးဖြူဆဲလ်တွေကို ဖျက်ဆီးတာပေါ့”
“သွေးဖြူဆဲလ်က ဘာအတွက် အသုံးဝင်တာလဲ ဒေါ်လေး”
“သြော် ဟုတ်သားပဲ။ သွေးဖြူဆဲလ်တွေက လူ့ခန္ဓာကိုယ်မှာ ဝင်လာတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးတာလေ၊ ဒါပေမဲ့ အထူးဗိုင်းရပ်စ်ပိုးကိုတော့ သူ မတိုက်ဖျက်နိုင်ဘူး။ ဒါကြောင့် ခုခံအား ကျဆင်းတဲ့ရောဂါလို့ ခေါ်တာပေါ့ကွယ်”
“ဟာ ဒေါ်လေးရယ်၊ အဲဒီ ရောဂါကြီးကလည်း ကြောက်စရာကြီးနော်၊ သမီးတောင် ကြက်သီးထလာပြီ”
“သမီးတို့ကို ဒေါ်လေး ဒီအကြောင်းနဲ့ပတ်သက်ပြီး နောက်တခါ ဆက်ပြောပြမယ်ကွယ်၊ ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေပေါ့။ ဒီတခါတော့ ဒေါ်လေး အချိန်မရတော့ဘူးကွယ့်၊ ဒီမှာ ဒေါ်လေး ပြောပြမယ်သမီး၊ အေ့စ်ရောဂါရှိတဲ့ လူတွေကို သမီးတို့ ကြောက်စရာမလိုပါဘူး၊ ကိုယ်ကသာ သူနဲ့ လိင်မဆက်ဆံဖြစ်ဘူး၊ သူတို့သွေးတွေ မသွင်းမိဘူးဆိုရင်ပေါ့၊ သူတို့ကသာ သမီးတို့ကိုကြောက်ရမှာ”
“ဟင် ဘာလို့လဲ ဒေါ်လေး”
“ဘာလို့လဲဆိုတော့ သူတို့မှာက အေ့စ်ရောဂါကြောင့် ခုခံအား ကျဆင်းနေပြီလေ၊ ဥပမာ သမီး ချောင်းဆိုးရင် သူ့ကို ချက်ချင်းကူးမှာ။ ဒါပေမဲ့ သူချောင်းဆိုးရင် သမီးကို မကူးနိုင်ဘူး။ ဘာကြောင့်လဲဆိုရင်သမီးမှာ သွေးဖြူဆဲလ်တွေက အေ့စ်ရောဂါမရှိတဲ့အတွက် သေချာ အလုပ် လုပ်နေသေးတယ်ကွယ့်၊ ဒါကြောင့် ရောဂါရှိတဲ့လူတွေကို ဖေးမရမယ်ကွယ့်။
ကြောက် စရာလို့ထင်ပြီး ထားလိုက်ရင် သူတို့က ရောဂါကလည်းရှိ၊ လူ့အသိုင်းအဝိုင်းကနေလည်း ဖယ်ထားရင် အားငယ်သွားမှာပေါ့။ သူတို့နဲ့ အတူတူစား၊ သွားလာ၊ ရေချိုး၊ ဖက်တာ နမ်းတာ၊ ခေါင်းဘီး၊ အဝတ်အစား၊ စောင်အတူ ခြုံတာ၊ အိမ်သာအတူတူသုံးတာ၊ နှိပ်နယ်တာစသည်ဖြင့် နေ့စဉ် အတူနေထိုင် လုပ်ဆောင်မှုတွေကြောင့် မကူးစက်တတ်ပါ ဘူးကွယ်။
ဒါကြောင့် သူတို့တွေကို ကြောက်စရာလည်း မလိုဘူး၊ နောက် ရှောင်နေစရာလည်း မလိုဘူးပေါ့”
“ဒေါ်လေး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေပြီလား မဖြစ်သေးဘူးလားဆိုတာ ဘယ်လို သိနိုင်မှာလဲဟင်”
“ရောဂါဖြစ်နေပြီလား၊ မဖြစ်သေးဘူးလား ဆိုတာကိုတော့ ဆရာဝန်ပဲ ဆုံးဖြတ်ပေးရမှာ ဆိုတော့ ဆေးရုံမှာ သွေးသွားစစ်ကြည့်မှ သိနိုင်မယ်ကွဲ့၊ သွေးစစ်တာကတော့ ၃ လ (သို့မဟုတ်) ၆ လ တစ်ကြိမ် လုပ်တာမျိုးဆိုရင် ပိုကောင်းတာပေါ့လေ။ လူတိုင်းလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ရောဂါရှိပေမယ့် အဟာရ ကောင်းကောင်း စားပြီး၊ စိတ်ဓာတ်ကြံ့ခိုင်အောင် ထားတဲ့အတွက်လည်း ကျန်းမာနေသလို ဖြစ်နေတာမျိုး တွေ့ရတတ်လို့ဘဲပေါ့။ နောက် ရောဂါ ဖြစ်ပြီဆိုရင်လည်း အဲဒီလူက တခြားသူတွေ ဖြစ်နေတဲ့ ရောဂါလိုပဲ ဖြစ်နေတတ်ပြန်ရော၊ ဒါပေမဲ့ သူကတော့ နာတာရှည်ဖြစ်တာ ပေါ့နော်။ ဥပမာ ဝမ်းလျှောတာမျိုး၊ အရေပြားရောဂါ ဖြစ်လာတာမျိုး၊ ကိုယ်အလေးချိန် ကျလာတာမျိုး၊ အကျိတ်ရောင်တာမျိုးတွေပေါ့။ ရောဂါပြင်းထန်လာပြီ ဆိုတာနဲ့ ပြင်းထန်တဲ့ တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ သို့မဟုတ် ကင်ဆာရောဂါ ရတာမျိုး ဖြစ်လာတာပေါ့။ သြော် သမီးတို့ရေ၊
ဒီရောဂါက ဒေါ်လေးတို့ မြန်မာနိုင်ငံမှာ တော်တော်လေး အဖြစ်များတယ်ကွယ့်”
“ဒါဆို ဒေါ်လေး၊ ရောဂါမရအောင် ဘယ်လိုကာကွယ်ရမလဲဟင်”
“အဲဒါ အရေးကြီးတယ်သမီး၊ ဒီနေ့တော့ မပြောတော့ဘူး၊ အချိန်သိပ်မရတော့ဘူးလေ၊ နောက်တစ်ခါ  ပြန်ဆုံတာပေါ့။ သမီးတို့အားရင် လာခဲ့ကြဦးပေါ့ကွယ်”
“ဟင် ဒေါ်လေးကလည်း နားထောင်လို့ကောင်းတုန်း ဆက်ပြောပြပါဦး ဒေါ်လေးရဲ့”
“ဒီနေ့တော့ ဒေါ်လေး အလုပ်ကိစ္စလေးတွေ ရှိသေးလို့ပါ၊ ပြောဖို့အချိန် မရှိတော့ဘူးကွယ့်”
“ဟင် ဒါဆိုရင် ဘယ်တော့ထပ်ပြောပြမှာလဲဟင် ဒေါ်လေး”
“နောက်တစ်ပတ် စနေနေ့ပေါ့ကွယ်.... ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါဒေါ်လေး၊ သမီးတို့လာခဲ့ပါ့မယ်။ သမီးတို့ အရမ်းစိတ်ဝင်စားပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ဒေါ်လေး”
“အေး အေး ကဲ ကဲ သမီးတို့လည်းစကားပြောကြဦးပေါ့”
“ဟုတ်ကဲ့ပါ ဒေါ်လေး” စိတ်ဝင်စားကြသော အမျိုးသမီးငယ်လေးများကို ကြည့်၍ အတော်ပင် ကျေနပ်မိပါသည်။
ချိုးလင်းပြာ - အပျိုစင်လေးများအတွက် သိကောင်းစရာ (၄)


No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts