Friday, July 11, 2014

မယ်လင်ဒါဂိတ်နှင့် တွေ့ဆုံခြင်း

‘‘ကျွန်မတို့ယုံကြည်တာကတော့ ဒီနေ့ခေတ်ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတာပဲ’’

မိုက်ကရိုဆော့ဖ်ကွန်ပျူတာကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်နဲ့ ဇနီး မယ်လင်ဒါဂိတ်တို့ မောင်နှံဟာ ကမ္ဘာ့အချမ်းသာဆုံးစုံတွဲဖြစ်သလို သူတို့တည်ထောင်ထားတဲ့ ဘီလ်နှင့် မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းဟာလည်း ကမ္ဘာမှာ တည်ထောင်ထားတဲ့ ပုဂ္ဂလိကဖွံ့ ဖြိုးရေးဖောင်ဒေးရှင်းတွေထဲမှာ ရန်ပုံငွေအတိုင်းအတာအရရော၊ ဖွံ့ဖြိုးရေးထောက်ပံ့မှုအရပါ ဒေါ်လာဘီလီယံနဲ့ချီ လုပ်ဆောင်နေတဲ့
ဧရာမအဖွဲ့အစည်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဂျာမန်စပိုင်းဂဲလ်မီဒီယာဟာ မစ္စစ်ဂိတ်ကို တွေ့ဆုံခဲ့ရာမှာ သူတို့ဇနီးမောင်နှံရဲ့ အများကောင်းကျိုးပြု အလှူဒါနလုပ်ငန်းတွေမှာ အခုလို ပါဝင်ဖြစ်လာပုံ၊ ကမ္ဘာ့ပဋိပက္ခတွေမှာ ပြည်သူတွေအတွက် ရောဂါကြီးများတိုက်ဖျက်ရေး လုပ်နေပုံနဲ့ ချမ်းသာကြွယ်ဝသူတို့ထားသင့်တဲ့ တာဝန်ဝတ္တရားတို့အကြောင်း ပြန်ပြောပြထားတာ တွေ့ရပါတယ်။
မေး- မစ္စစ်ဂိတ်ခင်ဗျာ။ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို သြဇာလွှမ်းမိုးနိုင်တဲ့အထိ ကိုယ့်ငွေတွေကို သုံးနိုင်လောက်အောင် အလွန်အမင်း ချမ်းသာကြွယ်ဝမှုရထားတာကို ဘယ်လိုခံစားမိပါသလဲ။
ဖြေ- ကျွန်မတို့ငွေတွေက ကြည့်လိုက်ရင် အများကြီးပဲလို့ ဖြစ်နေပုံပေါ်တယ်။ ဒါပေမဲ့ ကျွန်မတို့လုပ်ဆောင်နေတဲ့ စီမံချက်တွေကို ကြည့်လိုက်ရင် အဲဒီငွေက တကယ်မများဘူး။ ဘီလ်နဲ့ ကျွန်မ ယုံကြည်တာကတော့ အလှူဒါနလုပ်ခြင်းဟာ တကယ်အလုပ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိစ္စတွေ စတင်လုပ်ဆောင်ပြီး သက်သေပြမှသာ ထိရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အလှူဒါနလုပ်ခြင်းဆိုတာ အစိုးရတွေ မကြာခဏဆိုသလို မလုပ်ချင်၊ မလုပ်နိုင်တဲ့ နေရာပါ။ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဆေးဖော်ဖို့အတွက် ကျွန်မတို့ ပညာရှင်ခြောက်ယောက်လောက်ကို အဲဒီထဲကမှ ငါးယောက်လောက်က ပြန်ပျောက်သွားမယ်မှန်း သိပေမယ့် ခေါ်ကောင်းခေါ်ရမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ တစ်ယောက်ကိုတော့ ရမှာမဟုတ်လား။ ဒီလိုပဲ မိခင်တစ်ယောက်ကို တွေ့မိပြီး သူ့ကလေးဟာ အသက်ရှင်နေတယ်လို့ သိရတာဟာ အဲဒီလို ကျွန်မတို့ တစ်ခုခုလုပ်ရမယ်ဆိုတာမျိုးဟာ ခံစားရတာ အရမ်းကောင်းပါတယ်။
မေး- ကိုယ့်ရဲ့ဥစ္စာဓနတွေကို မီဒီယာသူဌေးကြီး တက်ဒ်တာနာက ကုလသမဂ္ဂကို ဒေါ်လာတစ်ဘီလီယံလှူခဲ့သလိုမျိုး မစ္စစ်ဂိတ်တို့အနေနဲ့ အလှူဒါနလုပ်ရာမှာ ဘာကြောင့်အဖွဲ့အစည်းတစ်ခုခုကို မယုံခဲ့တာလဲ။
ဖြေ- ဘီလ်နဲ့ ကျွန်မတို့က ပုဂ္ဂလိကအခန်းကဏ္ဍကနေ တစ်ခုခုထပ်ဖြည့်လုပ်နိုင်တယ်လို့ ခံစားမိခဲ့ပါတယ်။ သူက မိုက်ကရိုဆော့ဖ်ကိုစခဲ့ပြီး ကျွန်မကလည်း အဲဒီမှာ ကိုးနှစ်လုပ်ခဲ့ပါတယ်။ ပုဂ္ဂလိကအခန်းကဏ္ဍမှာက ဒီအလုပ်ကိုလုပ်ဖို့ အကျိုးဖြစ်ထွန်းစေမယ့် အရာတွေကို မြင်တတ်တဲ့ အမြင်တစ်ခုရှိတယ်လို့ ကျွန်မတို့ ခံစားမိခဲ့တယ်။ ကိုယ့်မှာ စီးပွားရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ပုံမျိုး တွေးခေါ်ပုံတစ်ခုကို ယူလာနိုင်ပါတယ်။ ပြီးတော့ အဲဒါအလုပ်ဖြစ်ရင် အစိုးရအနေနဲ့လည်း ဒါကို တိုးလုပ်နိုင်တာပေါ့။
မေး- မစ္စစ်ဂိတ်တို့အနေနဲ့ ဖွံ့ဖြိုးရေးအထောက်အပံ့တွေ လုပ်တဲ့အခါ ကုလသမဂ္ဂရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို စိန်ခေါ်သလို ဖြစ်မနေဘူးလား။
ဖြေ- ကျွန်မတို့လုပ်တဲ့ အကူအညီတစ်ခုတိုင်းက အစိုးရတွေနဲ့ တွဲဆက်ပြီးကို လုပ်ရတာတွေပါ။ ကြည့်ပါ။ ကျွန်မတို့ သွားနိုင်ခဲ့တယ်။ ရန်ပုံငွေရင်းမြစ်တစ်ခုလုံးကို ၂ နှစ်အတွင်းမှာ သုံးခဲ့တယ်။ သွားတယ်။ လုပ်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အပြောင်းအလဲဖြစ်စေမယ့် အကျိုးသက်ရောက်မှု တစ်ခုများရှိခဲ့မလား။ တစ်ခုခုကို အနောက်မှာ ချန်ထားခဲ့နိုင်မလား။ ကျွန်မတို့မိခင်တွေရဲ့ အသက်တွေ (သို့မဟုတ်) ကလေးငယ်တွေရဲ့ အသက်တွေကိုကော ကယ်နိုင်ခဲ့သလား။ အဖြေကတော့ မလုပ်နိုင်ခဲ့ဘူးပဲ။
မေး- လူကြီးမင်းတို့ ငွေတွေကို ရောဂါဘယတိုက်ဖျက်ရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတို့မှာ သုံးတာဟာ အရမ်းပဲ စေတနာရက်ရောလွန်းပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကလူသားနှစ်ဦးအတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးရေးအကူအညီပေးရေးကြောင့် ဖြစ်လာတဲ့ ဦးစားပေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အင်အားအများကြီးရှိထားတာကော အဆင်ပြေပါရဲ့လား။
ဖြေ- အဲဒီဦးစားပေးကိစ္စတွေက ကျွန်မတို့ငွေနဲ့လုပ်ဖို့ ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မတို့ လုပ်သလို တခြားသူတွေ လိုက်လုပ်ဖို့မလိုပါဘူး။ ဂျာမန်အစိုးရက ဥပမာတစ်ရပ်ပဲပေါ့။ သူတို့လည်း ကျွန်မတို့ ထောက်ပံ့နေတဲ့ နယ်ပယ်တွေထဲ ၀င်ပါနေတာပါပဲ။ ဒါပေမဲ့ သူတို့မှာလည်း ကိုယ်ပိုင်လုပ်ရမယ့် နယ်ပယ်တွေလည်း ရှိထားပါတယ်။ အာဖရိကနိုင်ငံတွေဟာလည်း သူတို့လုပ်ရမယ့် အလုပ်တွေ ချမှတ်ထားပါတယ်။ ကျွန်မတို့ ၀င်ပါပြီး ဘာလုပ်ရမယ်လို့ ပြောစရာမရှိပါဘူး။
မေး- ဖွံ့ဖြိုးဆဲကမ္ဘာမှာ ရင်ဆိုင်နေရတဲ့  ပြဿနာတွေအများကြီးရှိတဲ့အထဲကမှ ဘာတွေကို အလေးပေးဆောင်ရွက်ဖို့ ဘယ်လိုရွေးချယ်ခဲ့ပါသလဲ။
ဖြေ- ဖောင်ဒေးရှင်းအစပိုင်းတုန်းက နံရံတွေပေါ်မှာ ကလေးအများစု သေပျောက်နှုန်းကို စာရင်းဇယားပုံကားချပ်တွေနဲ့ ကျွန်မတို့ ပြသလေ့ရှိခဲ့ကြတယ်။ ဒီနောက် အရွယ်ရောက်သူတွေကို သေစေတဲ့ ရောဂါတွေက ဘာတွေလဲလို့ ကျွန်မတို့ ကြည့်ခဲ့ကြတယ်။ အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ တီဘီဆိုပြီး စာရင်းကြီးတစ်ခုလုံးပေါ့။ ဒီနောက်တော့ လူတွေကို ချက်ချင်းတော့ မသတ်နိုင်ပေမယ့် သူတို့ကို တိုက်ဖျက်ဖို့လည်း စီးပွားရေးဝင်ငွေအများကြီးမရှိတဲ့ ရောဂါဘယတွေကို ကျွန်မတို့ ကြည့်ခဲ့တယ်။
မေး- ဒါဖြင့် ဘာတွေ့ခဲ့ပါသလဲ။
ဖြေ- ကျွန်မတို့ သားဆက်ခြားဆေးတွေ ထောက်ပံ့ရေးကို တကယ်ပဲ စတင်ကြည့်ရှုခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျန်းမာရေးကဏ္ဍထဲ ရောက်သွားပြီး လူတွေရဲ့ ဘ၀တွေကို စီးပွားရေးအရ မြှင့်တင်နိုင်မယ့် နယ်ပယ်တွေထဲကို စပြီးရင်းနှီးမြှုပ်နှံခဲ့တယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ဒေါ်လာ သန်း ၄၀၀ ကျွန်မတို့ ရင်းနှီးမြှုပ်နှံခဲ့ တယ်။ ဘာကြောင့်လဲဆိုတော့ အာဖရိကမှာ လူတွေကို စိုက်ပျိုးရေးနဲ့ပဲ အသက်ရှင်ရပ်တည်မှုပေးနိုင်မှာမို့လို့ပါ။
မေး- မစ္စစ်ဂိတ်တို့ ဖောင်ဒေးရှင်းဟာ မကြာသေးမီကပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့အတူတွဲပြီး မွေးကင်းစကလေးတွေ ကျန်းမာရေးအတွက် ရှေ့ဆောင်လုပ်ငန်းတစ်ခုကို စတင်ခဲ့တယ်နော်။
ဖြေ- Global Alliance for Vaccines Immunizations အဖွဲ့နဲ့တွဲပြီး ကျွန်မတို့ တည်ထောင်ခဲ့တဲ့ ဆေးဝါးထုတ်လုပ်ရေးစနစ်က ဘာကြောင့် ကလေးသေဆုံးမှုနှုန်းဟာ ၁၉၉၆ မှာ တစ်နှစ်ကို ၁၂ သန်း သေဆုံးရာကနေ ဒီနေ့မှာတော့ တစ်နှစ်ကို ၆ ဒသမ ၆ သန်းအထိကို ကျဆင်းသွားတယ်ဆိုတာကို တွေ့နိုင်ပါလိမ့်မယ်။ ဒီ ၆ ဒသမ ၆ သန်းထဲမှာ တစ်သန်းလောက်က မွေးမွေးချင်း ပထမနေ့မှာပဲ သေဆုံးနေကြရပြီး ၂ ဒသမ ၉ သန်းကတော့ ရက်သုံးဆယ်သားအရွယ်မှာပဲ သေဆုံးကြရတယ်။ ဖွံ့ဖြိုးဆဲကမ္ဘာမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေ သေဆုံးတာအများကြီးမြင်ခဲ့ရဖူးပြီ။ သူတို့က မိခင်ကိုဂရုစိုက်ပြီး ကလေးကို ဖယ်ထားခဲ့ကြတယ်။ ဒီတော့ မွေးမွေးပြီးချင်း ကလေးကို ရင်ခွင်ထဲမှာ ထားပါ။ နွေးထွေးအောင်လုပ်ပါလို့ ကျွန်မတို့ သူတို့ကို ပြောတာပဲ။ ဒီလိုရိုးရှင်းတဲ့အရာတွေကို လုပ်လိုက်တာနဲ့ ကြီးမားတဲ့ အကျိုးကျေးဇူး ခံစားရနိုင်ပါတယ်။
မေး- လူကြီးမင်းတို့ ဖောင်ဒေးရှင်းဟာ အခုဆိုရင် ကမ္ဘာ့အကြီးဆုံးပုဂ္ဂလိကပိုင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဖြစ်နေပါပြီ။ ဒါ လူကြီးမင်းရဲ့ ပန်းတိုင်ပါလားခင်ဗျ။
ဖြေ- မဟုတ်ဘူးရှင့်။ သိတဲ့အတိုင်းပဲ။ ကျွန်မ ဖောင်ဒေးရှင်းကို စထောင်ကတည်းက ကိုယ့်ကလေးတွေကလည်း ငယ်ငယ်လေးရှိတဲ့အချိန်ကတည်းက ခရီးတွေအများကြီးသွားခဲ့တယ်။ ဘီလ်က ခရီးသွားချိန် များများမရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအိမ်ကိုပြန်လာရင် ရွာတစ်ရွာမှာ ကျွန်မမြင်ခဲ့ရတာကို ပြောပြတယ်။ ကျွန်မတို့ ခွဲပြီးလည်း ခရီးတွေ ထွက်ကြတယ်။ ဒါပေမဲ့ အိမ်ပြန်လာရင် ခရီးအကြောင်း ကျွန်မပထမဆုံးပြန်ပြောတဲ့သူဟာ ဘီလ်ပဲ။ သူ့အတွက်ကလည်း ကျွန်မက ပထမဆုံးပြောချင်တဲ့သူပဲ။ ကျွန်မတို့လုပ်ချင်တဲ့ နယ်ပယ်တွေကို စပြီးသတ်မှတ်လာနိုင်ချိန်မှာ ဖောင်ဒေးရှင်းကို စပြီးချဲ့ထွင်တယ်။ အဲဒီနောက် ၀ါရင်းဘတ်ဖတ်က ကျွန်မတို့ကို အံ့သြစေခဲ့ပါတယ်။
မေး- ပြီးခဲ့တဲ့ရှစ်နှစ်လောက်က ဘတ်ဖတ်က လူကြီးမင်းတို့ ဖောင်ဒေးရှင်းအတွက် ဒေါ်လာ ၃၁ ဘီလီယံလောက်ကို ရှာပေးခဲ့တယ်လေ။
ဖြေ- ဒါကြောင့်ပဲ ကျွန်မတို့ကိုယ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးအစီအစဉ်ကို စတင်လာနိုင်ခဲ့တာပါ။ ဆင်းရဲသားပြည်သူတွေအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ၊ စိုက်ပျိုးရေးအစီအစဉ်တွေ စတင်နိုင်ခဲ့တာပေါ့။ အဲဒီမတိုင်ခင်က တော့ ကျွန်မတို့ ကျန်းမာရေးနယ်ပယ်ထဲမှာပဲ အခြေခံထားလုပ်နိုင်ခဲ့တာပါ။
မေး- မစ္စဂိတ်နဲ့ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ ဆက်မလုပ်နိုင်တော့ရင် ဒီဖောင်ဒေးရှင်းက ဘာဖြစ်သွားနိုင်ပါသလဲ ခင်ဗျ။
ဖြေ- ဒီဖောင်ဒေးရှင်းက ကျွန်မတို့လင်မယားနှစ်ဦး သေဆုံးပြီးနောက် အနှစ် ၂၀ လောက်ပဲ ဆက်တည်ရှိမှာပါ။ ၀ါရင်းဘတ်ဖတ်ရဲ့ ငွေတွေကလည်း သူ့အိမ်ရာတွေ အခြေချတဲ့ ဆယ်နှစ်တာအတွင်း သုံးရဦးမှာပါ။ ကျွန်မတို့ ယုံကြည်တာကတော့ ဒီနေ့ခေတ်ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတာပဲ။ ဒီနေ့ကစလို့ နောက်အနှစ် ၁၀၀ မှာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေ ဘာဖြစ်မလဲ ကျွန်မတို့ မခန့်မှန်းနိုင်ပါဘူး။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် တည်ငြိမ်အောင် လုပ်နိုင်မလား။ စွမ်းအင်တွေ လုံလောက်လာမလား။ ဒီနှစ်ထဲမှာ ကျွန်မအသက် (၅၀)ပြည့်တော့မယ်။ နှစ် ၃၀ အတွင်း ဒီအလှူဒါနထောက်ပံ့ကူညီရေးကိစ္စကို ဆက်လုပ်ဖို့ စီမံထားဆဲပါ။ ဒါပြီးရင် ဘာလာမလဲ ဆိုတာတော့ ကျွန်မ မပြောပြတတ်ပါဘူး။
—Ref: Interview with Melinda Gates ‘Simple Things Can Have a Huge Effect’, 26th June. Spiegel

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts