Monday, July 7, 2014

အပျိုစင်လေးများအတွက် သိကောင်းစရာ (၁၀)

‘သားအိမ်ကင်ဆာဆိုတာကတော့ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ပွားများလာရာကနေ ဖြစ်လာတာပါဘဲ။ သားအိမ်ကင်ဆာက ၂ မျိုးရှိတယ်။ တစ်မျိုးကတော့ သားအိမ်ကိုယ်ပိုင်းမှာ ဖြစ်တတ်တာကြောင့် သားအိမ် ကိုယ်ပိုင်းကင်ဆာ လို့ခေါ်ပြီး၊ ဒုတိယတစ်မျိုးကတော့ သားအိမ်ခေါင်းပိုင်းမှာ ဖြစ်တတ်လို့ သားအိမ်ခေါင်းပိုင်းကင်ဆာလို့ ခေါ်တယ်။ ဒါနဲ့ သအိမ်ဆိုတာရော သမီးတို့တွေ သိရဲ့လား။’
‘ဟုတ်ကဲ့ သိပါတယ်။ သမီးတို့ကို ဒေါ်လေးမာန်က ရာသီလာတဲ့အကြောင်းအရာကနေ
စပြီးပြောပြတယ်။ နောက်ပြီး ဓာတ်ပုံတွေနဲ့လည်း ရှင်းပြပါတယ်။’ ဆရာဝန်ကြီးလုပ်မဲ့ ရတနာက ရှင်းပြတော့ ‘ကိုယ့်သမီးလေး’ ဟုသိမ့်က ခပ်တိုးတိုးဆိုလိုက်သော်လည်း အားလုံးကပြုံးစိစိ ဖြစ်သွားကြသည်။ ‘မာန် ရှင့်ကိုတော့ ကျမတို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပညာပေးရေးအဖွဲ့မှာ ထည့်သွင်းစဉ်းစားရတော့မယ် ထင်တယ်’ ဟု ဆွေက ချစ်စနိုးနောက်ပြန်သည်။ မာန်လည်း ပြုံး၍သာနေလိုက်သည်။
‘သားအိမ်ပုံကိုလည်း သမီးတို့တွေသိထားပြီဆိုတော့ ဒေါ်လေးဆွေဆက်ပြောမယ်။ သားအိမ်ကိုယ်ပိုင်း ကင်ဆာကတော့ သားအိမ်ရဲ့ အတွင်းဆုံးအလွာမှာ ကလာပ်စည်းတွေက အမြန်ကြီးထွားပျံ့ပွားလာပြီးတော့ အဖုအကျိတ်တွေဖြစ်၊ အဲဒီကနေ နီးစပ်ရာအစိတ်အပိုင်းတွေကို ပျံ့ပွားသွားတတ်တဲ့ ရောဂါပဲပေါ့’ အားလုံးစိတ်ဝင်တစားနှင့် နားထောင်နေ၍ ဆွေစကားဆက်လိုက်သည်။
‘အဲဒီလို အဖြစ်များတဲ့လူတွေကတော့ အသက် ၄၅ နှစ်လောက်ရှိတဲ့ အိမ်ထောင်မရှိသူ အမျိုးသမီးတွေ၊ အိမ်ထောင်ရှိပေမဲ့လည်း သားသမီးမရတဲ့ အမျိုးသမီးတွေမှာ အဖြစ်များတတ်တယ်။ နောက်ပြီး ဝတဲ့ အမျိုးသမီး တွေနဲ့သွေးတိုး၊ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေများလည်း အဖြစ်များတာ တွေ့ရတတ်တယ်လေ’
‘ဒါဆို ရှင်နဲ့မာန်လည်း သတိထားနော်။ အသက် ၄၀ ကျော်နေပြီ’ ဟုခပ်တည်တည်နှင့် သိမ့်လှမ်းနောက်လိုက်တာကြောင့် နှစ်ယောက်သား မျက်နှာနီနီနှင့် ‘ရှင်နော်’ ဟုပြိုင်တူမျက်စောင်း ထိုးပစ်လိုက်ကြ သည်။ ကောင်မလေးများ အားနာစွာဖြင့် ကျိတ်ရယ်သံကိုလည်း နှစ်ဦးလုံး သတိထားမိအောင် ထားဖြစ်လိုက်သည်။
ဆွေမျက်နှာ အနည်းငယ် ပြုပြင်လိုက်ပြီး၊ ‘တစ်ခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့တာကိုတော့ နောက်မှ ရှင့်ကိုပြောပြမယ်’ ဟု အနိုင်ပိုင်းစကားကို ကလေးမလေးတစ်ယောက် နားမလည်စွာဖြင့်၊ ‘သမီးတို့လည်း သိချင်တယ် ဒေါ်လေးဆွေ’ ဟု ဝင်ပြောလိုက်မှ မာန်တို့တစ်စု အသံထွက်အောင် ရယ်မောလိုက်သည်။ ဆွေကတော့ ခပ်တည်တည်နှင့် ဒါကတော့ သားအိမ်ကင်ဆာနဲ့ မသက်ဆိုင်တဲ့ကိစ္စဖြစ်နေတော့ နောက်မှဘဲ သမီးတို့ကိုပြောပြတော့မယ်ဟု ဆိုလိုက်ပြီး စကားဝိုင်းကို ဆက်ထိန်းလိုက်သည်။
‘ကဲ နောက်တစ်မျိုးဆက်သွားမယ်နော်။ နောက်တစ်မျိုးကတော့ သားအိမ်ခေါင်းကင်ဆာ အကြောင်းပေါ့။ သားအိမ်ခေါင်းကင်ဆာကတော့ အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေ၊ အသက် ၁၈ နှစ်ပတ်ဝန်းကျင်မှာ အိမ်ထောင်ပြုကြတဲ့ အမျိုးသမီးတွေ၊ သားသမီးတွေ အများကြီးမွေးထားတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ဆက် များသူတွေ၊ နောက်ပြီး လိင်ဆက်ဆံမှုနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ အမျိုးသမီးတွေများ အဖြစ်များ တတ်တဲ့ ရောဂါပေါ့’
‘ဒီရောဂါ စပြီးဖြစ်လာပြီဆိုတာနဲ့ အဖြူဆင်းတာမျိုး၊ မကြာခဏသွေးဆင်းတာမျိုး၊ သွေးဆုံးပြီး သွားပေမဲ့လည်း အဖြူတွေက ဆင်းနေတာမျိုး၊ သွေးဆင်းတာ သိပ်များတာမျိုးတွေဟာ သားအိမ်ခေါင်းကင်ဆာရဲ့ အစပိုင်းလက္ခဏာတွေပေါ့။ သားအိမ်ခေါင်းကင်ဆာက သားအိမ်ကိုယ်ပိုင်းကင်ဆာထက် ဒီမြန်မာနိုင်ငံမှာ ၄ ဆလောက် ပိုများတယ်လို့ သုတေသနာပြုချက်တွေအရ သိရတယ်ကွယ့်’
‘ဟယ်…ဒါဆို သမီးတို့သူငယ်ချင်းတစ်ချို့တော့ သနားပါတယ်။ သမီးတို့ ၁၀ တန်းတုန်းက သူငယ်ချင်းတွေလေ၊ သူတို့မိဘတွေက တက္ကသိုလ်တက်ရင် ရည်းစားတွေရမှာ စိုးလို့ဆိုပြီး၊ သမီးတို့ သူငယ်ချင်းတွေကို လက်ထပ်ပေးလိုက်တယ်။ (၁၇)နှစ်ဘဲ ရှိသေးတာ၊ သူတို့တွေဖြစ်ရင် ဒုက္ခ’ ဟုပူပူပင်ပင်ပြောလာသော ကောင်မလေးကို ကျမတစ်ချက်ကြည့်လိုက်ပြီး ‘အော် လူတိုင်းမဟုတ်ပါဘူးကွယ်၊ ဖြစ်ရတဲ့အကြောင့်းအရင်းတွေ ရှိတယ်လေ၊ ပြောပြမယ်နော်’
‘သားအိမ်ခေါင်းကင်ဆာက အဖြစ်လည်းများသလို ဆုံးရှုံးမှုလည်း များတဲ့အတွက် ပိုပြီးအကျယ်တဝင့် ပြောပြချင်တယ်။ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တိတိကျကျ ရှာဖွေတွေ့ရှိ တာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့
(၁) တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့သူတွေ။
(၂) အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့သူတွေ။
(၃) အိမ်ထောင်ဆက်များတဲ့သူတွေ။
(၄) လိင်ဆက်ဆံမှုနဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့သူတွေ။
(၅) ကလေးများများမွေးတဲ့ သူတွေပေါ့။ ခုလိုအခြေအနေမျိုးရှိတဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်တယ်။ ဒီအချက်တွေထဲမှာ တစ်ချို့အချက်တွေတော့ ခုနက ပြောပြထားပြီးသားပေါ့။ ဒါပေမဲ့ မှတ်မိအောင် ထပ်ပြောပြတာ။ အခုနောက်ပိုင်းမှာတော့ ရေယုန်ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်လည်း သားအိမ်ကင်ဆာ ဖြစ်နိုင်စရာ အကြောင်းရှိတယ်လို့ ဆိုတယ်ကွဲ့’
‘ဒါဆို ရောဂါမဖြစ်ပွားအောင် ဘယ်လိုကာကွယ်ရမလဲ ဒေါ်လေး’ ‘အမျိုးသမီးတွေက မွေးလမ်းကြောင်းကို သန့်ရှင်းအောင်ထားမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာ အဖြစ်နည်းနိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကိုတော့ အထူးဂရုစိုက်ဖို့ လိုတာပေါ့ကွယ်။ အိမ်သာသွားပြီးတိုင်း၊ အပေါ့သွားပြီးတိုင်း သေချာဆေးကြော သန့်စင်ဖို့လိုတယ်’ သူတို့တစ်တွေကို ဆွေတစ်ချက် အကဲခတ်ကြည့်လိုက်ပြီး…
‘အိမ်ထောင်သည်တွေဆိုရင်တော့ လိင်မဆက်ဆံခင်နဲ့ လိင်ဆက်ဆံပြီးချိန်တွေမှာ သေချာဆေးကြောတယ်ဆိုရင် အမျိုးသမီးက ဖြစ်တတ်လို့ အမျိုးသမီးဘဲ သန့်ရှင်းရမှာတော့ မဟုတ်ဘူးနော်။ အမျိုးသားရော နှစ်ဦး စလုံးက သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရမှာ။ အမျိုးသားတွေရဲ့ လိင်အင်္ဂါအရေခွံအောက်မှာ သုတ်ရည်အဟောင်းတွေနဲ့ အညစ်အကြေးတွေ ရှိနေတတ်တယ်။ ဒါကြောင့် အဲဒီအရေခွံအောက်မှာ အညစ် အကြေးတွေ ကင်းစင်အောင် သန့်ရှင်းမှုတွေ ပြုလုပ်ပြီးမှ လိင်ဆက်ဆံသင့်တယ်’
‘ကလေးမလေးများ ခေါင်းအနည်းငယ်ငုံ့သွားလိုက်ကြသည်ကို ဆွေက လစ်လျူရှုလိုက်ပြီး၊ ဒါကြောင့် ဂျူးလူမျိုးနဲ့ မွတ်ဆလင်ဘာသာဝင်တွေထဲက အမျိုးသားတွေကတော့ ထိပ်ပိုင်းလိင်အင်္ဂါ အရေခွံဖြတ်ထားတတ် တာကြောင့် သူတို့လူမျိုးထဲ အမျိုးသမီးတွေကတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်တာနည်းတယ်လို့ ဆိုတယ်ကွဲ့’ အမျိုးသမီးငယ်လေးများ မျက်နှာ ခပ်ရဲရဲဖြစ်သွားကြသည်ကို အမျိုးသမီးကြီးများ မသိချင် ယောင်ဆောင်ပေးရင်း၊ ဆွေစကားဆက်လိုက်ပြန်သည်။ ‘နောက်တစ်ခုကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုတာ လင်ဆက်ဆံတာတို့ကို ရှောင်ဖို့လိုအပ်တယ်။ သမီးသူငယ်ချင်းကိစ္စကတော့ လက်ထပ်လိုက်ပြီဆိုတော့ ကျန်တဲ့အချက်တွေကို ပြောပြပေတော့ကွယ်’
‘နောက်ပြီး အိမ်ထောင်ဆက် မကြာခဏ ပြောင်းလဲတာမျိုး၊ လိင်ဆက်ဆံမှုနဲ့ အသက်မွေးဝမ်းတာတို့ ကိုလည်းရှောင်ဖို့ လိုတယ်’
‘ဒါ့အပြင်ကို အသက် ၃၀ ကျော်ရင် သားအိမ်ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးပြီး သားအိမ်ကိုယ်ပိုင်း ကင်ဆာနဲ့ သားအိမ် ခေါင်းပိုင်းကင်ဆာတွေ ဖြစ်မဖြစ် စစ်ဆေးကြည့်ပြီး၊ အဲလို သားအိမ်ကင်ဆာဖြစ်တယ် ဆိုတဲ့ပုံစံမျိုးတွေ့ရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသ၊ ကုသဖို့လိုတယ်။ ဒါကလည်း ရှက်ကြောက်စရာမဟုတ်ဘူး၊ ရောဂါဆိုတာ စောစောစီးစီးကုသရင် ပျောက်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကုဖို့လိုအပ်တယ်။ ရင်သားကင်ဆာတုန်းကလည်း ပြောပြီးသွားပြီ၊ ဆေးမြီးတိုတွေနဲ့တော့ လုံးဝမကုပါနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ကုပါဆိုတာတော့ အထူးထပ်ပြောချင်တယ်’
‘နောက်တစ်ချက်က သားအိမ်ကင်ဆာဖြစ်ပွားရင် ဓာတ်ကင်တာမျိုး၊ အပ်စိုက်တာတို့ လုပ်ရင်လည်း နောက်ပိုင်းမှာ သားအိမ်ကင်ဆာရာနှုန်း အများကြီးပျောက်တယ်လို့ ဆိုတဲ့အတွက် ကုသဖို့တော့ မကြောက်ရဘူး ဟုတ်ပြီလား’ သူတို့လေးတွေမျက်နှာကို အကဲခတ်ကြည့်လိုက်ပြီး ဆက်လက်၍ ‘မေးစရာ ရှိလား’ သက်က ‘သားအိမ်ကင်ဆာက တားဆေးတွေကြောင့် ဖြစ်တတ်လားဆွေ’ ‘တားဆေးတွေကြောင့်တော့ သားအိမ် ကင်ဆာ ဖြစ်တယ်လို့ မရှိဘူး။ ဒါပေမဲ့ တားဆေးစားလို့ လိင်ဆက်ဆံမှု အကြိမ်ပိုများလာရင်တော့ ဖြစ်နိုင်တာပေါ့။ နောက် ဟော်မုန်းပါတဲ့ဆေးတွေ မဆင်မခြင်သုံးရင်တော့ ကင်ဆာရောဂါရစရာ အကြောင်း ရှိတယ်လေ’
‘ခင် ကြားဖူးမှာပေါ့နော်။ ကလေးဖျက်ချရင် သားအိမ်ကင်ဆာ ဖြစ်တတ်တယ်တဲ့။ အဲဒါရော ဟုတ်လားဟင်’ ‘အဲလိုတော့လည်း တိုက်ရိုက်မပတ်သက် ပြန်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချတဲ့ အကြိမ်ပေါင်းများလာရင် သားအိမ်ခေါင်းအတွင်းသားကို ထိုးဆွပေးရတာမျိုးဖြစ်သလို၊ မသန့်ရှင်းတဲ့အရာနဲ့ သားအိမ်ထဲကို ထိုးသွင်းရင်တော့ သားအိမ်ကင်ဆာ ဖြစ်တတ်တာပေါ့လေ’
‘တစ်ချို့ အမျိုးသမီးတွေက ကိုယ်ဝန်ပျက်ကျအောင် သားအိမ်ထဲကို ဆေးမှုန့်တွေ၊ ဆေးရည်တို့ နောက်အဆီတွေကို ထည့်ပေးတတ်ကြတော့ ထည့်သွင်းတဲ့ပစ္စည်းပေါ် မူတည်ပြီး သားအိမ်ကင်ဆာ ဖြစ်နိုင်တာ မျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေသုံးတဲ့ အရည်၊ အမှုန့်တွေကိုတော့ စိတ်ချလက်ချ သုံးလို့ရပါတယ်။’
‘ဒါနဲ့ ရောဂါဖြစ်မဖြစ်ကိုရော ဘယ်လိုသိနိုင်လဲ’ မာန်မေးလိုက်တော့ ‘တကယ်တော့ သားအိမ်ခေါင်း အဝကအသားစကို ဖြတ်ယူပြီး ဓာတ်ခွဲစမ်းသပ်ကြည့်မှ ရောဂါရှိမရှိဆိုတာကို တိတိကျကျ ပြောနိုင်တာပေါ့။ ဒါကြောင့် ၃၀ ကျော်အမျိုးသမီးတွေ တစ်နှစ်ကို တစ်ကြိမ်သွားပြီး စမ်းသပ်သင့်တယ်ဆိုတာ အဲဒါကို ဆိုလိုတာပေါ့’
‘ဒေါ်လေးဆွေ ရောဂါရင့်လာရင်ကော ဘယ်လိုဖြစ်တာလဲဟင်’ ကောင်မလေးတစ်ယောက် မေးလိုက်ပြန်သည်။ ‘ရောဂါရင့်လာရင်တော့ သွေးဆင်းတာတွေ အရမ်းများလာမယ်။ အနံ့အသက်တွေ ဆိုးလာမယ်။ အဖြူအညိုတွေဆင်းပြီး၊ ခါးတွေကိုက်တာတို့၊ ဆီးစပ်မှာ နာကျင်ကိုက်ကဲတာတို့ ဖြစ်တတ်တယ်။ အဲဒီရောဂါထက်ဆိုးလာရင်တော့ ဆီးအိမ်ကိုပြန့်သွားပြီး ဆီးအိမ်ပေါက်သွားပြီး၊ ဆီးယိုတာတို့ ဝမ်းအိတ်ကို ရောက်သွားရင် ပေါက်သွားပြီး မိန်းမကိုယ်တွင်းကနေ ဝမ်းတွေထွက်ကျတာတို့ ဖြစ်တတ်တယ်လေ’
‘ဖြစ်လာရင်တော့ အတော်စိတ်ညစ်စရာ ကောင်းမှာပဲနော်’ ဟုညည်းညည်းညူညူပြောလိုက်သည့် ကောင်မလေးကို ဆွေတစ်ချက်ကြည့်လိုက်ပြီး ‘ဒါကြောင့် ကင်ဆာကာကွယ်ဖို့အတွက် ‘မတွေ့မှီဆေး၊ တွေ့ပြီးဆေး၊ ကင်ဆာရောဂါကင်းဝေးရေး’ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပေတော့ကွယ်’ ဟုဆို၍ ထိုနေ့ ဆွေးနွေးပွဲကို အဆုံးသတ်ဖြစ်လိုက်သည်။
ဒေါ်လေးမာန်
ချိုးလင်းပြာ - အပျိုစင်လေးများအတွက် သိကောင်းစရာ (၁၀) 

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts