Saturday, July 12, 2014

Facebook ပေါ်တွင် စူးစမ်းဆင်ခြင်မှု အားနည်းသူ အများအပြား ရှိနေကြောင်း ပေါ်လွင်သွားစေသည့် ဓာတ်ပုံ


Social Media သုံးစွဲသူများတွင် စူးစမ်းဆင်ခြင်မှု အားနည်းလွန်းသူ အများအပြား ရှိနေခြင်းကို နာမည်ကျော် ဟောလီးဝုဒ် ဒါရိုက်တာ စတီဖန် စပီးလ်ဘာ့ဂ်၏ ဖြစ်ရပ်က သက်သေခံနေသည်။
စပီးလ်ဘာ့ဂ်သည် (၁၉၉၃)ခုနှစ်က ၎င်းရိုက်ကူးခဲ့သည့် ကမ္ဘာကျော် Jurassic Park ရိုက်ကွင်းနေရာမှ ဓာတ်ပုံတစ်ပုံကြောင့် မည်သည့် အမှားအယွင်းမျှ မရှိဘဲ Facebook ပေါ်တွင် အကြီးအကျယ် ဝေဖန် ရှုတ်ချ ထိုးနှက်မှုများ ခံနေရသည်။

တက္ကဆက်စ်ရှိ Cheerleader မိန်းကလေး တစ်ဦးဖြစ်သော ကန်ဒေါလ်ဂျုံးစ်သည် လှပချောမောသော်လည်း တိရစ္ဆာန်များကို အပျော်သဘော အမဲလိုက်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဓာတ်ပုံများကြောင့် Facebook ပေါ်တွင် လူပြောများခဲ့သည်။ ထို့ကြောင့် Facebook ပေါ်တွင် နောက်ပြောင်ကျီစယ်သည့် Post များ တင်လေ့ရှိသည့် ဂျေးဘရန်စ်ကွမ်းဘ်က (၁၉၉၃)ခုနှစ်တွင် စပီးလ်ဘာ့ဂ်က ဇာတ်ဝင်ခန်းတွင် အသုံးပြုသည့် ထရိုင်စီယာတော့ပ်စ် ဒိုင်နိုဆော အသေကောင် အရုပ်ကြီးကို နောက်ခံထား ရိုက်ကူးထားသည့် ဓာတ်ပုံကို လွှင့်တင်ခဲ့သည်။
၎င်းက အဆိုပါ ဓာတ်ပုံသည် အကြင်နာမဲ့သူတစ်ဦးက ထရိုင်စီယာတော့ပ်စ် တစ်ကောင်ကို ရက်စက်စွာ သတ်ဖြတ်ပြီး အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံဟု ပုံညွှန်းစာ ရေးသားခဲ့သည်။ Jurassic Park ဇာတ်ကားကို ကြည့်ဖူးသူများနှင့် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာကြီးကို သိရှိသူ အများစုက ဘရန်စ်ကွမ်းဘ်၏ နောက်ပြောင်လိုရုံ ရည်ရွယ်ချက်ကို သိရှိသော်လည်း Facebook ပေါ်တွင် အဆိုပါ ဓာတ်ပုံကို အမှန်ဟု ထင်သွားသူ အမြောက်အမြား ရှိလာသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။
အထူးသဖြင့် ထရိုင်စီယာတော့ပ်စ်များသည် ကမ္ဘာကြီးပေါ်မှ မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း မစူးစမ်း၊ မတွေးတောနိုင်ဘဲ ဓာတ်ပုံထဲတွင် ရှိနေသူက ဆဲရေးသူများ၊ ဝေဖန်ရှုတ်ချသူများ၊ ဒေါသတကြီး အပြစ်တင်သူများ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။
အချို့ကလည်း ယင်းဓာတ်ပုံ ပိုင်ရှင်သည် စပီးလ်ဘာ့ဂ် ဖြစ်နေမှန်း သိသည့်တိုင် ထရိုင်စီယာတော့ပ်စ်မှာ အစစ်အမှန်ဟု ယူဆပြီး ၎င်းရိုက်ကူးသည့် ဇာတ်ကားများကို လုံးဝ အားမပေးတော့ဟု ခြိမ်းခြောက် Commentများ ရေးခဲ့ကြသေးသည်။ Commentရေးသူ တစ်ဦးက စပီးလ်ဘာ့ဂ်အား “လူမဆန်တဲ့ p****ကောင်၊ တိရစ္ဆာန်သတ်တဲ့ကောင်” စသဖြင့် ပျစ်ပျစ်နှစ်နှစ် ဩဘာပေးသွားခဲ့သည်။ ကျန်တစ်ဦးကလည်း “စတီဖန် စပီးလ်ဘာ့ဂ်၊ ရှင့်ကိုကျွန်မ စိတ်ကုန်သွားပြီ။ တိရစ္ဆာန်တွေကို အကြင်အနာမဲ့ သတ်ဖြတ်တဲ့ လူတစ်ယောက်ရဲ့ ရုပ်ရှင်တွေကို ဘယ်တော့မှ မကြည့်တော့ဘူး”ဟု ဆိုသည်။
အခြားတစ်ဦးကမူ “ဓာတ်ပုံထဲကကောင် ဘယ်သူလဲတော့ မသိဘူး။ ဒါပေမဲ့ ဒီတိရစ္ဆာန်ကိုတော့ မသတ်သင့်ဘူး”ဟု မှတ်ချက်ပြုထားသေးသည်။ ဇူလိုင် (၁၁)ရက်နေ့ထိ ဘရန်စ်ကွမ်းဘ် လွှင့်တင်ထားသည့် ပုံကို Shareခဲ့သူ (၃၀၀၀၀)ကျော်နှင့် Commentရေးသူ (၅၀၀၀)ကျော်ထိ ရှိခဲ့ပြီး ဖြစ်သည်။
ထရိုင်စီယာတော့ပ်စ်များသည် ကမ္ဘာဦးခေတ်က အသက်ရှင် နေထိုင်ခဲ့သည့် ဒိုင်နိုဆောများအနက် လူသိများသည့် မျိုးစိတ်တစ်ခု ဖြစ်သည်။ အဆိုပါ အသီးအရွက်စား ဒိုင်နိုဆောများသည် ခရီတေးယှက်ယုဂ် ကာလအတွင်းက မြောက်အမေရိက ဒေသတွင် အဓိက ကျင်လည်ကျက်စားခဲ့ပြီး မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း (၆၈)သန်းမျှ ရှိနေပြီဖြစ်သည်။
_Ref: Dailymail

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts