Sunday, July 6, 2014

ဗြိတိန်ရေတပ်၏ အကြီးမားဆုံး စစ်သင်္ဘောကြီး ဖြစ်လာမည့် HMS Queen Elizabethကို စတင်မိတ်ဆက်

သံသယများစွာ၊ မေးခွန်းများစွာ ရှိနေသည့်ကြားမှ ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံး စစ်သင်္ဘောကြီး ဖြစ်လာမည့် HMS Queen Elizabethကို အခမ်းအနားဖြင့် စတင်မိတ်ဆက် နိုင်ခဲ့ပြီ ဖြစ်သည်။
ဇူလိုင်(၄)ရက်က ဗြိတိသျှ ဘုရင်မကြီးက သူမ၏ အမည်ကိုပင် မှည့်ခေါ်ထားသည့် သင်္ဘောကြီးကို စကော့တလန်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ လေယာဉ်တင် သင်္ဘောကြီးသည် ဗြိတိန်၏ ရေတပ်စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်တည်ဆောက်မည့် သင်္ဘောကြီး နှစ်စင်းအနက်မှ တစ်စင်းဖြစ်သည်။

ကုန်ကျစရိတ်များ၊ နည်းပညာဆိုင်ရာ ပြဿနာများကြောင့် အဆိုပါ လေယာဉ်တင်သင်္ဘော စီမံကိန်းနှင့် ပတ်သက်ပြီး ဝေဖန်မေးခွန်းထုတ်မှု အများအပြား ထွက်ပေါ်လာခဲ့သော်လည်း ရို့ဆစ်သ် သင်္ဘောကျင်းတွင် HMS Queen Elizabethကို ဘုရင်မကြီးကိုယ်တိုင် အမည်ပေး မိတ်ဆက်ခဲ့သည်။
အခမ်းအနားဖြင့် မိတ်ဆက်မှု ပြုလုပ်ပြီး ဖြစ်သည့်တိုင် HMS Elizabethသည် (၂၀၁၈)ခုနှစ်ထိ ရေတပ်တွင် စတင်တာဝန် ထမ်းဆောင်နိုင်ဦးမည် မဟုတ်ချေ။ အမေရိကန်လုပ် F-35 တိုက်လေယာဉ်များ သင်္ဘောပေါ်တွင် အခြေစိုက် တပ်စွဲနိုင်မှုမှာ (၂၀၂၀)ပြည့်နှစ်မှ အစပြုနိုင်မည် ဖြစ်သည်။
သက်တော်(၈၈)နှစ်ရှိ ဘုရင်မကြီးက လေယာဉ်တင် သင်္ဘောကြီးသည် ဗြိတိသျှ ရေတပ်အတွက် သမိုင်းမျက်နှာစာသစ် တစ်ခုအဖြစ် ဂုဏ်ပြု ချီးကျူးခဲ့သည်။ သူမသည် ကြင်ရာတော် မင်းသားကြီး ဖိလစ်နှင့်အတူ ရေယာဉ်သစ် မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ဒီသင်္ဘောကြီးကို Queen Elizabethလို့ အကျွန်ုပ်အမည်ပေးတယ်။ ဘုရားသခင်ဟာ သင်္ဘောကြီးကိုရော၊ တာဝန်ထမ်းဆောင်မယ့် သင်္ဘောသားတွေကိုပါ ကောင်းချီးပေးတော်မူပါ”ဟု တိုင်တည်ပြီးနောက် သင်္ဘောသစ်ကို ရေတပ်အတွက် စတင်မိတ်ဆက် ဖွင့်လှစ်ပေးခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က HMS Elizabethသည် နောက်ထပ် ရာစုနှစ် တစ်ဝက်စာမျှအတွက် ဗြိတိန်ရေတပ်၏ ဦးဆောင်သင်္ဘောကြီးအဖြစ် ရပ်တည်နိုင်လိမ့်မည်ဟု မှတ်ချက်ပြုထားသည်။
_Dailymail

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts