Saturday, August 30, 2014

ဟောက်ခြင်းနောက်ဆက်တွဲ သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေဖြတ်ရောဂါများ ဖြစ်စေနိုင်


အိပ်ပျော်နေစဉ် ဟောက်တတ်ခြင်း၏ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံး၊ ပန်းသေပန်းညှိုး၊ အစာအိမ်အချဉ်ပေါက်၊ လေဖြတ်ရောဂါများ ဖြစ်ပေါ်နိုင်ကာ အသက်တိုစေနိုင်ခြင်းကြောင့် ဂရုပြုနေထိုင်သင့်ကြောင်း ဆရာဝန်ကြီးများကဆိုသည်။

‘‘ဒီရောဂါတွေအပြင် အိပ်နေရင်းကနေ အသက်ရှူလမ်းကြောင်း လုံးဝပိတ်ဆို့ပြီး ရုတ်တရက် အသက်ရှူရပ်သွားနိုင်ပြီး အသက်အန္တရာယ် ပေးလာနိုင်တယ်။ ပြီးတော့ ဟောက်တတ်သူတွေဟာ နေ့လယ်ဘက်မှာ အိပ်ငိုက်တတ်တယ်။ စိတ်မရွှင်လန်း၊ အားအင်လျော့နည်းပြီး အတွေးခေါ်တွေလည်း လွဲချော်တတ်တယ်’’ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးကဆိုသည်။
အိပ်စက်အနားယူချိန်၌ ကိုယ်ခန္ဓာကြွက်သားများ လျော့ရွဲလာကာ လည်မျိုတစ်ဝိုက်ရှိ လေပြွန်များမှာ သာမန်အချိန်ထက် ကျဉ်းမြောင်းသွားသည်။ ယင်းမှ အဆုပ်ထဲသို့ ပုံမှန်ဝင်ထွက်နေသောလေသည် နှာခေါင်းနှင့် လည်ပင်းနေရာများ၌ ထပ်မံပိတ်ဆို့မှုရှိလာခဲ့ပြီး လျှာခင်၊ အာခေါင်ပျော့များကို တုန်ခါပစ်လိုက်ခြင်းကြောင့် ဟောက်သံထွက်ပေါ်လာခြင်းဖြစ်သည်။
လူသုံးဦးလျှင် တစ်ဦးမှာ ဟောက်နိုင်ခြေရှိကာ သက်ကြီးရွယ်အိုများနှင့် အမျိုးသားများ ပိုမိုဟောက်တတ်သည်။ ထို့ပြင် လည်မျိုကျဉ်းမှု မျိုးရိုးလိုက်သူ၊ အဝလွန်၍ ကုပ်တိုသူ၊ လည်ပင်းပုသူ၊ ဆေးလိပ်၊ အရက်သောက်သူ၊ နှာခေါင်းတွင်း အလည်တံစောင်းရွဲ့နေသူ၊ အာသီးကြီးသူ၊ လျှာခင်ရှည်သူ၊ အာခေါင်ပျော့တွဲနေသူ၊ အိပ်ဆေးစွဲလမ်းစွာသောက်သူ၊ ပန်းနာရင်ကြပ်ဖြစ်နေသူ အလာဂျီရှိသူ၊ ပက်လက်အိပ်စက်သူများနှင့် ခေါင်းအုံးထူထူ အုံးတတ်သူများ၌ ပိုမိုဟောက်တတ်သည်။
ထို့ကြောင့် ဟောက်တတ်သူများအနေဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း၊ အရက်ဆေးလိပ်နှင့် အိပ်ဆေးဖြတ်ခြင်း၊ အိပ်ယာမဝင်မီ အရက်၊ နို့သောက်မှုမှ ရှောင်ကြဉ်ခြင်း၊ ခေါင်းအုံးမပါဘဲ ခုတင်ခေါင်းရင်းဘက်၌ လေးလက်မခန့် မြှင့်ထားကာ အိပ်စက်ခြင်း၊ ဘေးစောင်းအိပ်ခြင်း၊ ပုံမှန်အိပ်ချိန်အိပ်တတ်အောင် လေ့ကျင့်ခြင်းတို့ဖြင့် မဟောက်စေရန် ဆောင်ရွက်နိုင်သည်။
ယင်းကုထုံးများဖြင့် မပျောက်လျှင်မူ ပါးစပ်တွင်းထည့် ကိရိယာများဖြင့် အောက်မေးရိုးနှင့်လျှာကို ပြုပြင်ခြင်း၊ အာသီးဖြတ်ခြင်းနှင့် လည်ပင်းကြွက်သားအချို့ လှီးထုတ်ပစ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးအချို့က ပြောကြားသည်။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts