ပူအိုက်သော
နေ့လယ်ခင်းအချိန်တွင် ဖြစ်သည်။ ကျွန်မသည် အိုးလုပ်ငန်း လုပ်ကိုင်သည့်
ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ ရွာလေးတစ်ရွာသို့ ဖြတ်သန်းသွားချိန်တွင်
တမာပင် အရိပ်အောက်၌ ဖိနပ်မပါသော ကလေးအုပ်စုတစ်စု ကစားနေကြသည်။ ကလေးတွေ
ကစားနေသည့် အလယ်တွင် ကျွဲကြီးတစ်ကောင် မတ်တတ်ရပ်နေသည်။ ထိုကလေးတွေက
အသက်သုံးလေးနှစ်ခန့် အရွယ်ထက် မပိုပေ။ သူတို့က ကျွန်မကို ဝိုင်းလိုက်ပြီး
ပြုံးပြနေကြသည်။
Ref: Whispers at the Pagoda; Portraits of Modern Burma, Julie Sell
ထိုစဉ်
ကလေးနှစ်ယောက်က ကျွန်မလက်ကို ဆွဲပြီး လမ်းကျဉ်းလေး တစ်ခုဆီသို့
ခေါ်သွားသည်။ လမ်းဆုံးတွင် သွပ်မိုးနှင့် ဘေးပတ်လည် ဟင်းလင်းဖွင့်ထားသော
စာသင်ကျောင်း တစ်ကျောင်းကို တွေ့လိုက်ရသည်။ ကျောင်းပေါ်တွင် ဆရာမလေး
တစ်ယောက်ကို အရွယ်အမျိုးမျိုးနှင့်
ကလေးအယောက် ၆၀ လောက်က ဝိုင်းနေပြီး
စာသင်နေကြခြင်း ဖြစ်သည်။ ထိုကျောင်းလေးသည် ဉာဏ်တော်အမြင့် ၆ မီတာခန့်
ရှိမည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားသော တောင်ကုန်းလေး အောက်ခြေတွင်
ရှိသည်။ စာသင်ကျောင်း၏ နံရံတစ်ဖက်သည် ဘုရားတည်ထားသည့် တောင်ကုန်းလေး ဖြစ်နေ
သည်။ ကျောင်းသား၊ ကျောင်းသူလေးများသည် ဗုဒ္ဓ၏ ခြေတော်ရင်းတွင် ခိုလှုံရင်း
စာသင်ကြားနေကြသည့်အသွင် ပေါက်နေသည်။
ကျွန်မက အခြေအနေ
အရပ်ရပ်ကို လေ့လာ သုံးသပ်နေစဉ် ဆရာမလေးက ကျွန်မကို မြင်သွားသည်။ သူက
အင်္ဂလိပ်လို မပြော။ သို့သော် ကျွန်မကို လက်ဟန်ခြေဟန်ဖြင့် အတန်းရှေ့လာရန်
ခေါ်လိုက်သည်။ ထို့နောက် လက်ကိုဆွဲကာ ပြုံးပြလိုက်ပြီး “မင်္ဂလာပါ” ဟု
နှုတ်ဆက်လိုက်သည်။ ကျွန်မက ကလေးတွေကို မျက်နှာချင်းဆိုင်လိုက်ချိန်တွင်
သူတို့က ရှက်ကြောက်နေသော်လည်း ကျွန်မအနီးသို့ တိုးလာကြသည်။
အတန်းကို
နှုတ်ဆက်လိုက်သည့် အခါတွင် အနည်းငယ် ရဲရင့်ပုံရသည့် ကျောင်းသားလေးများက
ကျွန်မ နားမလည်သည့် စကားဖြင့် ကျွန်မကို အော်ပြောလိုက်ကြသည်။ မကြာမီ
တစ်တန်းလုံးကလည်း ကျွန်မကို ဝိုင်းအော်ကြသည်။ နောက်မှ သူတို့က အင်္ဂလိပ်လို
“ဖိနပ်” “ဖိနပ်” ဟု အော်နေမှန်း သိလိုက်ရသည်။ သူတို့က ကျွန်မကို
ဖိနပ်ချွတ်ရန် အော်ပြောနေကြခြင်း ဖြစ်သည်။ ဗုဒ္ဓကို ရိုသေရန် လက်ဟန်ဖြင့်
ပြကြသည်။ ကျွန်မက ကြိုးသိုင်းဖိနပ်ကို ချွတ်လိုက်ပြီး နေလောင်နေသော
ခြေဖဝါးများကို ပြလိုက်ချိန်၌ အတန်းထဲတွင် ရယ်သံတွေ ပေါ်ထွက်လာသည်။
မြန်မာတောကျောင်းလေးတွေအကြောင်း
ကျွန်မ မေ့နိုင်တော့မည် မထင်။ ကျောင်းဝင်းများထဲက ထွက်ပေါ်လာသည့်
အသံလေးများကိုလည်း ကြားယောင်နေမိသည်။ ကျောင်းဝင်းအတွင်းသို့ ဝင်လာကြသည့်
အဖြူအစိမ်း ကျောင်းဝတ်စုံ ဝတ်ထားသော ကျောင်းသားလေးများကိုလည်း
မြင်ယောင်နေမိသည်။ ကျွန်မသည် မူလတန်းကျောင်းပေါင်း များစွာကို ရောက်ခဲ့သည်။
ကျွန်မကို ဖော်ရွေသော ဆရာမလေးတွေက အမြဲကြိုဆို ဖိတ်ခေါ်ကြသည်။
ကျွန်မလာတိုင်းလည်း သူတို့၏ ပြည့်ကျပ်နေသော အတန်းထဲမှ ထွက်လာပြီး
စိတ်လက်ပေါ့ပါးစွာဖြင့် ကြိုဆိုကြသည်သာ ဖြစ်သည်။ သူတို့က
ကျောင်းသားတွေနှင့် ကျွန်မကို မိတ်ဆက်ပေးမည်။ ပြီးတော့ သူတို့ မတောက်တခေါက်
အင်္ဂလိပ် စကားလေးများဖြင့် ကျွန်မကို ပြောဆိုပြီး လေ့ကျင့်ကြသည်။
ကျွန်မ ရောက်ခဲ့သည့်
မူလတန်းကျောင်းလေးတိုင်းသည် တောအရပ်ဒေသများတွင် ရှိသော ကျောင်းများ
ဖြစ်ကြသည်။ အဆောင်အယောင် ပစ္စည်းများလည်း အတော်ရှားပါးကြသည်။
ကျောင်းအများစုသည် ခန်းမကြီး တစ်ခုသာ ဖြစ်ပြီး ဘေးဘက်တွေကလည်း
ဟင်းလင်းဖွင့်ထားသည်က များသည်။ နံရံရှိလျှင်လည်း သစ်သားနံရံများသာ ဖြစ်ပြီး
ပြတင်းပေါက်များမှာလည်း မှန်တံခါး မရှိသော ပြတင်းပေါက်များ ဖြစ်သည်။
စာသင်ခုံများမှာလည်း ပျဉ်ပြားတစ်ချပ်ကို အကြမ်းထည် ရိုက်ထားသည့် ခုံများသာ
ဖြစ်ကြသည်။ သူတို့သည် အခန်းကြီးတစ်ခန်းတွင် ထိုင်နေသလို ဖြစ်သော်လည်း
ကျောက်သင်ပုန်းကြီးများကို အတန်းရှေ့တွင် ချိတ်ဆွဲထားခြင်းက အတန်း
ခွဲခြားထားသလို ဖြစ်စေသည်။ ကျောက်သင်ပုန်းကြီးများပေါ်တွင် မြန်မာစာများ၊
အင်္ဂလိပ်ဂဏန်းများ ရေးသားထားသည်ကို တွေ့မြင်ရသည်။
ဆရာမလေး အများစုသည်
အသက်အရွယ် ငယ်ကြသည်။ သင်ကြားရ အလွန်ခက်ခဲသော အနေအထားများကို ရင်ဆိုင်ပြီး
သင်ကြားပေးနေကြသူများ ဖြစ်သည်။ ကျွန်မကို ရွာငယ်လေး တစ်ရွာရှိ
ကျောင်းတစ်ကျောင်းသို့ ခေါ်ဆောင်လာသော မိတ်ဆွေက ဆရာမလေးများသည်
ဝေးလံခေါင်ဖျားသော ဒေသများသို့ သွားရောက် တာဝန် ထမ်းဆောင်ကြရသည်မှာ
စိန်ခေါ်မှု တစ်ခုသာ ဖြစ်ကြောင်း ပြောပြသည်။ “သူတို့ တောကို ရောက်လာ၊
နောက်ဆုံးတော့ တောကလူတွေနဲ့ပဲ တွေ့ပြီး ညားကုန်ကြတော့တာပဲ” ဟု သူကဆိုသည်။
သူက ဆက်ပြီး “ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။ အားလုံးဟာ သာသနာပြု ခေတ်ကလို
ဖြစ်နေတော့တာပဲ” ဟု သူကဆိုသည်။
မြန်မာနိုင်ငံတွင်
ဝေးလံခေါင်ဖျားကျသည့် ဒေသများသို့ တစ်ချိန်က သာသနာပြုအဖွဲ့တွေ ရောက်လာပြီး
ကျောင်းတွေ ဖွင့်ကာ စာသင်ပေးခဲ့ကြဖူးသည်။ ၁၉၆၅ ခုနှစ်တွင်မှ
ကက်သလစ်ကျောင်းများကို အစိုးရတပ်က ပြည်သူပိုင်သိမ်းပြီး ဥရောပ
ဘုန်းတော်ကြီးများနှင့် သီလရှင်များကို ထိုအရပ်ဒေသများမှ
နှင်ထုတ်လိုက်ကြသည်။
ကျွန်မသူငယ်ချင်း
ပြောပြချက်အရ ထိုစဉ်က စစ်အစိုးရသည် မြန်မာနိုင်ငံရှိ ကျောင်းအားလုံးကို
ပြည်သူပိုင် သိမ်းလိုက်သည်။ နိုင်ငံခြားမှ သာသနာပြုရန် ရောက်ရှိနေကြပြီး
ကျောင်းများဖွင့်ကာ စာသင်ပေးနေကြသည့် ပြင်သစ်၊ ဂျာမန်၊ ဗြိတိန်၊ အီတလီ၊
အမေရိကန်တို့ကို တိုင်းပြည်အတွင်းမှ ထွက်သွားရန် နှင်ထုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ထိုစဉ်က သာသနာပြုအဖွဲ့က ကျောင်းများထောင်ကာ
စာသင်ပေးနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ သာသနာပြု
အဖွဲ့များသည် လူမျိုးစုများအတွင်း ချဉ်းကပ်ပြီး ကျောင်းများဖွင့်ကာ
ခရစ်ယာန် ဘာသာသို့ သွတ်သွင်းမှုများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
ဘုန်းတော်ကြီး
တစ်ပါးက “ပြည်သူပိုင်တဲ့ကွာ၊ တော်တော်လေးကို မဆီလျော်တဲ့ စကားလုံးပဲ။
ဘယ်သူမှလည်း လျော်ကြေးမရဘူး။ အားလုံးကို အစိုးရက သိမ်းလိုက်တော့တာ” ဟု
ပြောပြဖူးသည်။
ကျောင်းများကို
ရုတ်တရက် ပြည်သူပိုင် သိမ်းလိုက်ပြီးနောက် နှစ်ပေါင်း သုံးဆယ်ခန့်
ကြာချိန်တွင် မြန်မာ့ပညာရေးသည် ဝမ်းနည်း စိတ်ပျက်စရာ ကောင်းလောက်အောင်
နိမ့်ကျသွားခဲ့သည်။ ထိုပျက်စီးနေသော စနစ်နှင့်ပင် ယနေ့တိုင် ဆက်ပြီး
သင်ကြားနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် သမိုင်းနှင့်ချီပြီး
စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့သည့် တိုင်းပြည်တစ်ပြည် ဖြစ်ခဲ့သည်။
သို့သော် ၁၉၆၂ ခုနှစ်က စတင်ပြီး ပညာရေးတွင် နိုင်ငံရေးက ဝင်ရောက်ပြီး
ချုပ်ကိုင်လိုက်သောကြောင့် ကျဆင်းသွားခဲ့ရခြင်း ဖြစ်သည်။
လက်ရှိ အနေအထားတွင်
မြန်မာနိုင်ငံ၌ တက္ကသိုလ်၊ ကောလိပ်ကျောင်းပေါင်း ၃၀ ကျော် ရှိသည်ဟု ဆိုသည်။
၁၉၆၂ ခုနှစ်လောက်ကတည်းက ထိုတက္ကသိုလ်၊ ကောလိပ်များကို အစိုးရသည် ဖွင့်လိုက်
ပိတ်လိုက် အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရသည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင်လည်း
ကျောင်းသားများ ဆန္ဒပြသောကြောင့် ကျောင်းတွေ ထပ်ပိတ်ရပြန်သည်။ နောက်၂
နှစ်လောက်ကြာမှ ကျောင်းတွေ ပြန်ဖွင့်မည်ဟု ပြောသော်လည်း ၁၉၉၉ ခုနှစ်မှ
ကျောင်းတွေ ပြန်ဖွင့်ဖြစ်သည်။ အစိုးရ ကျောင်းပိတ်ရာတွင် မူလတန်းနှင့်
အထက်တန်းများပါ မကျန်ခဲ့ပေ။ ၁၉၉၇ ခုနှစ် မတ်လတွင် နွေရာသီ
ပိတ်ရက်နှင့်ရောပြီး နောက်ထပ် ငါးလခန့် ကြာသည်အထိ မဖွင့်နိုင်လောက်အောင်
ဖြစ်ခဲ့ရသည်။
စာတတ်မြောက်မှုနှုန်းသည်
နိုင်ငံရေး လှုပ်ရှားမှုအသွင်ဖြင့် ဖော်ဆောင်ခဲ့သောကြောင့်
အောင်မြင်သင့်သလောက် အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ သို့သော် အစိုးရသည်
ကြွေးမြီပြဿနာကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ၏ ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံး
တိုင်းပြည်တစ်ပြည် အဖြစ် ၁၉၈၇ ခုနှစ်တွင် ခံယူလိုက်သည်။ စာတတ်မြောက်သူ
ဦးရေသည် ချက်ချင်း ၁၈ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားပြီး ၇၈ ဒသမ ၆
ရာခိုင်နှုန်း ဖြစ်သွားသည်။
မြန်မာနိုင်ငံ
ပညာရေးစနစ်သည် စတုတ္ထတန်း အဆင့်အထိ မသင်မနေရ ပညာရေးစနစ် ဖြစ်သည်။ သို့သော်
ကုလသမဂ္ဂ၏ လေ့လာသုံးသပ်ချက်အရ ကျောင်းနေအရွယ် ကလေးများ၏ ၄၀ ရာခိုင်နှုန်း
နီးပါးသည် ကျောင်းမတက်နိုင်ကြသေးပေ။ မြန်မာကလေး သုံးပုံတစ်ပုံခန့်သာ
မူလတန်းပညာကို သင်ယူတတ်မြောက်ကြသဖြင့် ကမ္ဘာ့အဆင့်နှင့် ယှဉ်လျှင်
အလွန်နိမ့်ကျသည်ဟု ဆိုရမည်။ မိဘအများစုသည် မိမိတို့ သားသမီးများကို
ကျောင်းပို့ရန်အတွက် စရိတ်မတတ်နိုင်ကြပေ။ စရိတ်ဆိုသည်မှာ ကျောင်းဝတ်စုံ၊
စာအုပ်၊ ခဲတံဖိုးများသာမက စာသင်ခုံဖိုး၊ ကုလားထိုင်ဖိုးများ အပြင်
ဆရာတို့အတွက် လစာကိုပင် ထောက်ပံ့ ပေးနေကြရသည့် အနေအထားတွင် ရှိနေသေးသည်။
၁၉၈၀ ပြည့်နှစ်တွင် အစိုးရက ပညာရေး အသုံးစရိတ်ကို လျှော့ချလိုက်ပြန်သည်။
သို့သော် စစ်ရေးအတွက် အသုံးစရိတ်များကား မြင့်တက်သွားသည်။
ရလဒ်မှာ နိုင်ငံတော်က
ဆရာတွေကို လစာလည်း တိုးမပေးနိုင်သည့် အပြင် ကျောင်းအဆောက်အအုံများ
ကောင်းအောင်လည်း မလုပ်နိုင်၊ ဆရာတွေလည်း တိုးမခန့်နိုင်၊
ကျောင်းအုပ်တွေလည်း တိုးမခန့်နိုင်နှင့် ပညာရေးဘဝ နိမ့်ကျခဲ့ရသည်။
ကျွန်မနှင့် သိသော မြို့ကြီးတစ်မြို့မှ အသက် ၄၃ နှစ်အရွယ် မူလတန်း
ကျောင်းအုပ်ဆရာမကြီး တစ်ဦးက လုပ်သက်နှစ်ပေါင်း နှစ်ဆယ် ကျော်လာပြီ
ဖြစ်သော်လည်း လစာ မလုံလောက်သဖြင့် သူ့ခင်ပွန်းဖြစ်သူက
အလုပ်ထွက်ခိုင်းနေကြောင်း ပြောပြသည်။ ခင်ပွန်းဖြစ်သူက ကျူရှင်သင်သောကြောင့်
သူမ၏ လစာထက် ဆယ်ဆ ပိုပြီး ဝင်ငွေကောင်းသည်။
သူတို့
ဇနီးမောင်နှံသည် လစာဝင်ငွေ နည်းပါးသောကြောင့် တဲသာသာ အိမ်လေးတွင်
သားတစ်ယောက်နှင့်အတူ နေထိုင်ကြရရှာသည်။ တစ်ညတွင် သူတို့ဇနီးမောင်နှံက
အိမ်သို့ ထမင်းစား ဖိတ်ခေါ်သည်။ သူတို့ အိမ်ကလေးက ဝါးတဲလေးသာ ဖြစ်ပြီး
မီးလုံး တစ်လုံးသာ တစ်အိမ်လုံးတွင် ထွန်းနိုင်သည်။ ကျွန်မကို
ခင်ပွန်းဖြစ်သူ စာရေးသည့် စားပွဲခုံအကြမ်း၊ ဝါးတန်းထိုင်ခုံတို့တွင်
ထိုင်ခိုင်းပြီး ထမင်းပြင်ကျွေးသည်။ ထိုစားပွဲခုံ အစုတ်သည် သူတို့အိမ်တွင်
ရှိသည့် တစ်လုံးတည်းသော ခုံလည်းဖြစ်သည်။ သူက ကျွန်မနှင့် တစ်တန်းတည်း
ခုံတန်းအစွန်တွင် ထိုင်လိုက်သည်။ မီးသီးရောင် မှိန်ပျပျအောက်တွင်
ကျွန်မတို့ ထမင်းစားနေသည်ကို ဆရာမက ထိုင်ကြည့်နေသည်။ ယခု ကျွန်မကို
ပြင်ကျွေးလိုက်သည့် ညစာသည် သူတို့ တစ်လစာလောက် ပြောင်သွားမည် ထင်သည်။
အိမ်တွင် အိမ်ရှင်မ ဖြစ်သူသည် ခင်ပွန်းသည်နှင့် ဧည့်သည်တို့ နောက်မှ
စားကြရသည့် ဓလေ့ရှိမှန်း သိသော်လည်း ကျွန်မက သူ့ကို ကျွန်မတို့နှင့်
အတူတူလာစားရန် ဖိတ်ခေါ်လိုက်သည်။ သို့သော် သူက ငြင်းလိုက်သည်။
“ကျွန်မတို့က
ရှင့်ကို အိမ်ခေါ်ပြီး ဂုဏ်ပြုတာပါ။ ရှင်ပဲစားပါ” ဟု သူမက ပြောသည်။ ကျွန်မက
ကျောင်းအုပ်ဆရာမကြီးကို အတော်လေးစားသွားမိသည်။ ပြီးတော့ ယဉ်ကျေးစွာဖြင့်
ထမင်းဖိတ်ကျွေးနေသောကြောင့်လည်း ကျေးဇူးတင်နေမိသည်။
သူမ ခင်ပွန်း
ကျူရှင်ဆရာကို ကျွန်မက ကွန်ပျူတာ သုံးသလားဟု မေးသည်။ သူကတော့ မြင်တောင်
မမြင်ဖူးကြောင်း ပြောသည်။ သို့သော် သူတို့ကျောင်းသားတွေ တစ်နေ့တော့
ကွန်ပျူတာ သုံးကြလိမ့်မည်ဟု သူက ပြောသည်။ သူက အင်တာနက်တွေ၊ အီးမေးလ်တွေလည်း
မသိ။ သူသည် ဤမြို့တွင် ပညာတတ် လူလတ်ပိုင်းအရွယ် ကျောင်းဆရာတစ်ဦး
ဖြစ်သော်လည်း သူ့တွင် ကွန်ပျူတာ၊ အီးမေးလ်၊ အင်တာနက်များ အသုံးပြုရန်
ဘယ်တော့မှ အခွင့်အရေး ရမည်လည်း မထင်ပေ။ အစစအရာရာ အစိုးရကသာ
ထိန်းချုပ်နေသည့် တိုင်းပြည်တွင် ဖုန်းခေါ်ခြင်းအစ ဖက်စ်ပို့သည့်အဆုံး
အစိုးရကသာ တင်းကျပ်စွာ ထိန်းချုပ်နေသဖြင့် အနာဂတ်တွင် သူတို့
အီးမေးလ်ကိုပင် လွတ်လပ်စွာ အသုံးပြုရန် အခွင့်အလမ်း နည်းလှသည်။ (၁၉၈၀
ဝန်းကျင်က ဖြစ်ပါသည်။)
“ကျွန်တော်ကတော့
တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ ဆိုတာ ဒီတစ်နည်းပဲ ရှိတယ်လို့တော့
မထင်ပါဘူး။ ခင်ဗျားပြောတဲ့ အီးမေးလ်ဆိုတာ အရမ်းအံ့သြဖို့ ကောင်းပါတယ်။
ဒါပေမဲ့ ခင်ဗျားပြောတဲ့ အီးမေးလ် ဆိုတာကြီးထက် မနက်ဖြန် ကျွန်တော့်အတန်းကို
လာပြီး ကျွန်တော့် ကျောင်းသားတွေနဲ့ တိုက်ရိုက်လာပြီး စကားပြောကြည့်တာ
ပိုကောင်းမယ် ထင်ပါတယ်” ဟု သူက ပြောလိုက်သည်။
The Voice Daily, 27.5.2014
Written by အယ်ဒီတာတစ်ဦး
No comments:
Post a Comment