Saturday, June 7, 2014

ဝက်သားနှပ်



မင်္ဂလာပါရှင့့်  ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ၀က်သားနှပ် ချက်ကျွေးပါမယ်နော်။ အိမ်မှာ အမေက ၀က်သားမစားပေမယ့် အကို့အိမ်မှာ ဘုရားအနေကစာတင်ပွဲ အလှူလုပ်မယ်ဆိုတော့ ဟင်းအမယ်စုံအောင် ချက်ခဲ့တဲ့ ဟင်းလေးပါ။ ချက်တဲ့နည်းကတော့ ကျွန်မရဲ့အဘွားချက်တဲ့ နည်းလေးပါနော်။ ၀က်သားနှပ်တဲ့အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဝက်သား (၅၀) ကျပ်သား
ကြက်သွန်နီကြက်သွန်ဖြူ
ချင်း
နာနတ်ပွင့်
ရှာလကာရည် (အချဉ်အရသာပေါ် မူတည်ပြီး ထည့်ပါ။ ကျွန်မက မြန်မာဗီနီကာကို သုံးပါတယ်။ ၀က်သား ငါးဆယ်သားအတွက် ဗီနီကာ လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးစာ ထည့်ပါတယ်)
သကြား
ဆား
ဟင်းခတ်မှုန့်
ဆီတို့ပါနော်

ဝက်ခေါက်ကို မဖောက်ထုံးသုပ်လိမ်းပြီး အမျှင်တွေကို သန့်စင်အောင် ဇာဂနာနဲ့ နှုတ်ပေးပါ။ ပြီးရင် ၀က်သားကို ရေစင်အောင်ဆေးပြီး အရွယ်တော် အတုံးလေးတွေဖြစ်အောင် တုံးပေးပါနော်။ ပြီးရင် ၀က်သားကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ရှာလကာရည်တို့နဲ့ နယ်ပေးထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါတယ်။ ကြက်သွန်နီကိုအလုံးကြီးရင် လေးစိတ်ထိုးပါတယ်။ အလုံးသေးရင်တော့ အလုံးလိုက် ထည့်ဖို့ ပြင်ထားရပါမယ်။ ချင်းကိုတော့ ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ နာနတ်ပွင့်ဖတ် သုံးခုလောက်ကိုလည်း မညက်တညက်လေး ထောင်းလိုက်ပါနော်။
ပြီးရင် အိုးတစ်လုံးကိုယူပြီး အိုးထဲမှာ ဆီနည်းနည်းထည့်၊ ပြီးရင် သကြား (လက်ဘက်ရည်ဇွန်း ၃ ဇွန်း) ထည့်ပြီး မွှေပေးပါနော်။ သကြားပွက်လာပြီဆိုတဲ့အခါကျရင် နယ်ထားတဲ့ ၀က်သားကိုထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူနီ၊ ချင်းနဲ့ နာနတ်ပွင့်တို့ထည့်ပြီး အသားတွေနဲ့ သမအောင် မွှေ၊ အိုးအဖုံးအုပ်ပြီး အသားထဲက ထွက်လာမယ့်အရည်နဲ့ ပထမတစ်ရည် ခမ်းအောင် တည်ပေးပါ။ ပထမရည်ခမ်းသွားပြီဆိုရင် နောက်ထပ် လက်ဘက်ရည်ပန်းကန်လုံးနှစ်လုံးစာ ရေထပ်ထည့်ပြီး မီးအသင့်အတင့်နဲ့ ဟင်းအိုးကို တည်ပေးပါ။ တစ်ရည်ခမ်းတိုင်း အသားတွေကို အထက်အောက် နှံ့အောင် မွှေပေးပြီး နူးအိတဲ့အထိ မီးအသင့်အတင့်နဲ့ တည်ပေးပါ။ အသားတွေ နူးအိလာပြီဆိုရင် အပေါ့အငန် အရသာကို မြည်းပြီး လိုတဲ့အရသာကို ထည့်ဖြည့်ပါနော်။ ၀က်ခေါက်လေးတွေကလည်း နူးအိ၊ အဆီ၊ အသားတွေမှာလည်း ချိုချိုချဉ်ချဉ်လေးတွေနဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ၀က်သားနှပ်လေးရပါပြီနော်။
Lu Lu

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts