Saturday, July 5, 2014

အပျိုစင်လေးများအတွက် သိကောင်းစရာ (၅)


“အမလေး ... ဒေါ်လေးရေ။ အိတ်တွေနဲ့ ဘယ်သွားမလို့လဲ။ ဒီနေ့ သမီးတို့က HIV/AIDS ကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အကြောင်း ပြောပြမယ်ဆိုလို့ သူငယ်ချင်းတွေတောင် ရောက်နေကြပြီ။” အလိုမကျဟန် သူမ၏ မျက်နှာလေးကြည့်၍ အနားမှာ အတူပါလာသော သူငယ်ချင်းကို ပြုံးကြည့်လိုက်မိသည်။

“သြော်... သမီးတို့ရယ်၊ ဒေါ်လေး မှတ်မိပါတယ်။ ခုလည်း အဲဒါကိုပြောပြမလို့ လက်တွေ့ပြနိုင်အောင်လိုအပ်တဲ့ပစ္စည်းတွေ သယ်လာတာပါ။”
“ဟုတ်လား၊ ကောင်းတယ် ကောင်းတယ်။ ပေး ပေး သမီးသယ်ပေးမယ် ဒေါ်လေး”
“ဟေး... ဒေါ်လေး ရောက်လာပြီ။” အားတက်သရော ပြောလိုက်သော ကလေးများကို ကြည့်၍ မိမိ စီစဉ်ရကျိုး နပ်ပြီဟု ကျေနပ်လိုက်မိသည်။
“အိုး... သမီးတို့လည်း စကားဝိုင်းတောင် မစရသေးဘူး၊ လက်ဘက်သုတ်နဲ့ ၀ိုင်းကစနေပြီလား။”
“ဒေါ်လေးလာရင် အမောပြေအောင်လို့လေ ကြိုတင်စီစဉ်ထားတာ” ခပ်သွက်သွက် ကောင်မလေးတစ်ဦးက ၀င်ထောက်လိုက်သည်။
“ကဲ ဟုတ်ပါပြီ။ သမီးတို့ကို ဒေါ်လေး မိတ်ဆက်ပေးရအုန်းမယ်။ ဒါ ဒေါ်လေးသူငယ်ချင်း မီမီဦးတဲ့။ သူကတော့ သမီးတို့ သိပ်သိချင်နေတဲ့ HIV/AIDS နဲ့ ပတ်သက်လို့ ပညာပေးနေ တာလေ။ ဒီနေ့တော့ ဒေါ်လေးကိုယ်တိုင် ပြောရမယ့်အစား၊ သူနဲ့ဆို ပိုပြီး ကောင်းမယ်ထင်လို့ သူ့ကို အတင်းဆွဲလာရတာ။”
“ကျေးဇူးတင်ပါတယ် ဒေါ်လေးနဲ့ ဒေါ်လေးမီ၊ သမီးတို့လည်း သိပ်စိတ်ဝင်စားပါတယ်။”
“ဟုတ်ပြီ ... သမီးတို့ အားလုံးနဲ့ ဒေါ်လေးမီ နားချိန်ကျမှ မိတ်ဆက်ကြတာပေါ့နော်။ ခုတော့ HIV/AIDS ဘယ်လို ဖြစ်တယ်ဆိုတာ သိပြီမဟုတ်လား။”
အားလုံးဝိုင်း၍ “ဟုတ်ကဲ့ သိပါပြီ၊ ဒေါ်လေး အရင်အပတ်က ပြောပြထားပါတယ်။ ”
ဘယ်လိုဆိုရင် ကူးစက်နိုင်တယ်။ ဘယ်လိုဆိုရင် မကူးစက်နိုင်ဘူး ဆိုတာရော သိပြီလား။ မှတ်ရော မှတ်မိကြလားကွယ်။
အားလုံးဝိုင်း၍ “ဟုတ်ကဲ့ သိထားပါပြီ ဒေါ်လေးမီ၊ မှတ်လည်း မှတ်မိပါတယ်ရှင့်”
“အမယ်လေး တော်လိုက်တာ ကဲ ဒါဆိုရင်ခုကျန်တာက ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အပိုင်းလေးပေါ့၊ အိုကေ ကဲ သမီးလေး သေတ္တာကို ဖွင့်လိုက်ပါအုံး။ သမီးနာမည်လေးက
ဘယ်သူလဲ”
“မိုးပွင့်ပါ” ပြောပြောဆိုဆို သေတ္တာကိုဖွင့်၍ ရှက်အမ်းအမ်း ဖြစ်သွားသော မိုးပွင့်အား ကြည့်၍ “ဟုတ်ပြီ ကဲ အဲဒီပစ္စည်းတွေကို ဒေါ်လေးမီကို ပေးပါအုံး”
“ဟင် ၊ အိုး ၊ ဟာ ၊ ဟင် ဒေါ်လေးကလည်း ဘာတွေမှန်းလည်း မသိဘူး” အာမေဋိတ်အသံများ ပြိုင်တူ ထွက်လာကြသည်။ မိမိမှာ အတွေ့အကြုံ ရှိနေသူပီပီ မပြုံးမရယ် မျက်နှာနှင့် “ဒါတွေကတော့ အမျိုးသား လိင်အင်္ဂါမှာစွပ်တဲ့ အစွပ်၊ ကွန်ဒုံးနဲ့ အမျိုးသမီး သားအိမ်မှာ စွပ်တဲ့ ကွန်ဒုံးလို့ခေါ်တဲ့ လိင်အစွပ်တွေပေါ့။ ဒါတွေ တွေ့လို့ သမီးတို့ သိပ်ပြီး လွတ်လွတ် လပ်လပ် ပေါ့ပေါ့ပါးပါး မဖြစ်ဘူးဆိုတာ ဒေါ်လေးမီ သိပါတယ်။ ဒါပေမဲ့ သမီးတို့ကို ဒေါ်လေးမီက လက်တွေ့နဲ့ တွဲပြီးမပြရင် သမီးတို့အတွက် သင်ခန်းစာကို လက်တွေ့နဲ့ နားမလည် နိုင်ပဲ ဖြစ်မယ်လေ။ ဒါကြောင့် ဒါတွေ ယူလာရတာ။ ဒီတော့ သမီးတို့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ငါတို့ လက်တွေ့နဲ့တွဲပြီး ပညာသင်ရတယ်လို့ပဲ မှတ်ထားရမယ်နော်။ ပြီးတော့ စိတ်ကို လည်း လွတ်လွတ်လပ်လပ်ပဲ ထား ဟုတ်ပြီလား။ ” မိန်းကလေးများ ခပ်ရှက်ရှက် မျက်နှာများဖြင့် “ဟုတ်ကဲ့ပါ” ဟု ခပ်တိုးတိုး ဆိုကြသည်။
“ကဲ ပြောပါအုံး သမီးတို့ ဘယ်လိုနည်းနဲ့ HIV/AIDS ကူးစက်နိုင်သလဲ ဆိုတာ မှတ်မိကြတယ်ဆိုရင် နည်းနည်း ပြန်ပြောရအောင်။”
“သွေးကနေတဆင့် ကူးစက်နိုင်ပါတယ်၊ လိင်ဆက်ဆံတာကြောင့်လည်း ကူးစက်နိုင်တယ်လို့ ပြောပါတယ် ဒေါ်လေးမီ။”
“ကလေး နို့တိုက်တာနဲ့လည်း ကူးစက်နိုင်တယ်လို့ ပြောပါတယ် ဒေါ်လေးမီ။” တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသော်လည်း အချက် ၃ ချက်ပြည့်စုံနေ၍ “အိုး ဒေါ်လေးမီတော့ သမီးတို့ တကယ် မှတ်မိတယ်ဆိုတာ ယုံသွားပြီဟေ့...”
“ကဲ ဟုတ်ပြီ၊ ဒေါ်လေးက သွေးကနေ ကူးစက်နိုင်တယ်ဆိုတဲ့ အကြောင်းကို အရင်ရှင်းပြမယ်။ AIDS ရောဂါရှိတဲ့ လူတစ်ယောက်ရဲ့ သွေးကို ကိုယ့်ထဲကို သွင်းမိတဲ့ အခါကျရင် ရောဂါရနိုင်တယ်။ အရင်တုန်းက ဒေါ်လေးတို့ မြန်မာနိုင်ငံ မှာ သွေးလှူရှင်တွေရဲ့ သွေးတွေကို ဒီအတိုင်း လက်ခံလိုက်တာ ရှိတယ်၊ သွေးက ဘာအုပ်စုထဲမှာ ပါတဲ့သွေးလဲ အေသွေးလား၊ ဘီသွေးလား၊ စသည်ဖြင့် သွေးအမျိုးအစား ခွဲပြီးထားတယ်။ သွေးလှူသူတွေကို သွေးပေါင်ချိန် ပြည့်မပြည့်ကို တိုင်းတယ်။ ဒီလောက်ပါပဲ။ ”
“တခြား တစ်ယောက်ယောက် လိုအပ်နေတယ်ဆိုရင် သွင်ပေးလိုက်တယ်။ နောက် အလျင်လိုရင် လိုသလို တစ်ခါတည်း တိုက်ရိုက် သွေးကို သွင်းပေးလိုက်တာမျိုး ရှိတယ်။
အိုသွေးလိုရင် အိုသွေးပေးနိုင်တဲ့ လူကိုရှာပြီး တိုက်ရိုက် သွင်းပေးလိုက်တာမျိုးပေါ့။ အဲဒီကနေ တဆင့် ဒီရောဂါက ရတော့တာပဲ။ တချို့ကတော့ ဆေးထိုးအပ်တွေကို လူတိုင်းကို တစ်ချောင်းတည်းနဲ့ ထိုးပေးလိုက်တာမျိုး ရှိတယ်။ အဲဒီ ဆေးထိုးအပ်ကနေ တဆင့်လည်း ကူးစက်တတ်တယ်ကွယ့်။
"ဒါကြောင့် သွေးကနေ တဆင့် မကူးစက်အောင် သွေးတွေကို ယူတဲ့အခါ ရောဂါရှိမရှိကိုလည်း ထည့်သွင်း စစ်ဆေးပြီး သုံးရတယ်။ ခုနောက်ပိုင်းတော့ ဒေါ်လေးတို့ မြန်မာပြည်လည်း အဲဒီလိုတွေ လုပ်လာပါပြီ။ နောက် ဆေးထိုးအပ်ကိုလည်း တစ်ခါသုံးအပ်ကို ၀ယ်သုံးသင့်တယ်ကွယ့်။ ဆေးခန်းတွေမှာ သွားရင်လည်း ကိုယ့်အပ်ကို ယူသွားတာ ကောင်းတယ်။ တချို့ ဆရာဝန် ဆရာမတွေက အကုန်အကျ များမှာစိုးလို့ ဆေးထိုးအပ်တွေကို တစ်ချောင်းတည်း သုံးတာရှိတယ်။ တချို့ နေရာတွေမှာဆိုလည်း တစ်ခါသုံးတွေ မရနိုင်တော့ ပေါင်းသုံးရ တာပေါ့။ တစ်ခါသုံးအပ် မရနိုင်တဲ့ နေရာတွေမှာဆိုလည်း ရေနွေးဆူဆူနဲ့ အနည်းဆုံး ၄၅ မိနစ်လောက် ပြုတ်ထားတဲ့ အပ်ကိုပဲ သုံးသင့်တာပေါ့။ ကိုယ်တိုင်က ဒါတွေကို သိထားရင် ကိုယ့်ကို ဆေးထိုးတော့မယ်ဆိုရင် တစ်ခါသုံးအပ်လား၊ ပြန်ပြန်သုံးနေတဲ့ အပ်လားဆိုတာ သေချာကြည့်။ သိရင်လည်း ဆွေးနွေးပေါ့။"
“ဟိုလေ ဒေါ်လေးမီ ဘယ်လိုဖြစ်လို့ ဆေးထိုးအပ်ကနေ တဆင့် ကူးစက်နိုင်တာလဲဟင်၊ သူက သွေးတွေကို တခြားတစ်ယောက်ကို သွင်းထားတဲ့ အပ်ကိုပြောတာလား။ သာမန် လူတိုင်းသုံးတဲ့ အပ်လား။”
“သမီးက သိပ်တော်တာပဲ။ ဟုတ်တယ်သမီး အပ်နှစ်မျိုးစလုံးပဲ။ သာမန် လူတိုင်းသုံးတဲ့ အပ်ဆိုပေမယ့် ဆေးထိုးတဲ့အခါကျရင် တချို့ ဆရာဝန် (သို့) ဆရာမတွေက သွေးလေးကို နည်းနည်းစုတ်ပြီး သွေးလိုက်ပြီဆိုမှ ထိုးလိုက်တာလေး ရှိတယ်။ အပ်ထဲမှာ သွေးကျန်နေတာမျိုး ဖြစ်နိုင်တာပေါ့။ နောက် ဆေးသွင်းတဲ့ အပ်တွေလည်း ဒီလိုပဲ သွေးကြောထဲမှာ ထိုးသွင်း ရတာလေ။ သွေးကြောထဲကို ထိုးသွင်းထားတဲ့ အပ်ကို ပြန်ပြီးသုံးရင် သွေးလက်ကျန်လေးတွေ ကပ်လာခဲ့ပြီး တခြားတစ်ယောက်အတွက် သုံးလိုက်တဲ့အခါ ရောဂါ ကူးစက် တတ်တာပဲပေါ့။ သွေးလို့မထင်ရတဲ့ အရည်ပြားလေးတွေ ကြားမှာ အရည်ကြည်လေးတွေ ရှိတယ်။ သွေးရည်ကြည်လို့ ခေါ်တယ်။ အဲဒါကလည်း အေအိုင်ဒီအက်စ် ရှိနေတတ်တယ်ကွယ့်။ ဒီတော့ အပ်ထိုးထည့်ပြီ ဆိုတာနဲ့ကိုမှ အဲဒီ အရည်ကြည်လေးတွေကို ဖြတ်ကျော်ရတာပဲကွယ်။ ဒါကြောင့် တစ်ခါသုံးအပ်ကို သုံးတာဟာ ကာကွယ်ထားတာပေါ့။
မတော်တဆ ရောဂါရှိသူရဲ့ သွေးကြောင့် မကူးစက်နိုင်တော့ဘူးပေါ့။ သမီးတို့အားလုံး ဆောင်ပုဒ်လေးတစ်ခုကို မှတ်ထားနော်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက် မှုရှိသည် တဲ့။ ”
“ဆေးထိုးအပ်တော့ ပြီးသွားပြီ။ နောက် ဘယ်လို အပ်အမျိုးအစားတွေကရော ရောဂါရနိုင်သေးလဲ ပြောပါအုံး။”
“သမီးထင်တာကတော့ ဆေးမှင်ကြောင်တွေ ထိုးတာကနေလည်း ကူးစက်နိုင်တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆို သမီးကြည့်တာ ပွဲခင်းတွေမှာ ဆေးမှင်ကြောင်ထိုးတဲ့ လူတွေက သွေးအရမ်းထွက်တယ်လေ။”
“ဟုတ်တယ်သမီး။ အဲဒါတွေ တန်းစီပြီး ထိုးနေကြတာ အေအိုင်ဒီအက်စ် ရောဂါရှိတဲ့ သူနဲ့တွဲပြီး ထိုးမိရင် ပြဿနာ ရှိနိုင်တယ်။ ဒါကြောင့် သတိထားရမယ်။ နောက် မုတ်ဆိပ်ရိတ်တဲ့ ဓါးတွေကို အတူတွဲသုံးတာ၊ ဆံပင်ရိတ်တဲ့ဓါးနဲ့ လည်ပင်းမှာ ရှမိတဲ့အခါ သွေးထွက်ရင် နောက်တစ်ယောက်မှာ အဲဒီ ဘရိတ်ဓါး (သို့မဟုတ်)ဂျုပ်တွေကို ရောဂါရှိတဲ့ သူနဲ့ အတူတူ သုံးမိတဲ့ အခါမှာလည်း အေအိုင်ဒီအက်စ်ရောဂါ ရနိုင်တာပေါ့။ ဒါကြောင့် ဆံပင်ညှပ်ဆိုင်တွေမှာ ဆံပင်တိုတို ညှပ်တဲ့အခါ ကိုယ့်ကိုသုံးမယ့် ပရိတ်ဓါးတွေ တစ်ခါသုံး ဖြစ်နေအောင် သုံးတာ အကောင်းဆုံးပဲ။ ရောဂါရှိတယ် မရှိဘူးဆိုတာ ကိုယ်တိုင်က သိနိုင်တာ မဟုတ်ဘူးလေနော်။ ” ကဲ မိန်းကလေးတွေအတွက် ဆိုရင်ရော ဘယ်လိုနည်းနဲ့ ကူးစက်နိုင်မယ် ထင်လဲ။"
“ဟိုလေ သမီးထင်တာ ထင်တာကတော့ နှုတ်ခမ်းသားတွေပေါ်အောင် ဆိုးတာတွေ၊ မျက်ခမ်းမှာ လိုင်နာဆိုးတာတွေ၊ နောက် မျက်ရစ်တွေခွဲတဲ့အခါမှာလည်း ကူးစက်နိုင်တယ် လို့ထင်ပါတယ်။”
“အင်း ဟုတ်တယ်။ အဲဒါတွေတင် မကဘူး၊ မိန်းကလေး အများစုမှာ ဆင်းရဲတာဖြစ်ဖြစ်၊ ချမ်းသာတဲ့ လူတန်းစားဖြစ်ဖြစ် နားဖောက်ကြတာပဲ။ နားဖောက်တဲ့ အပ်တွေကိုလည်း တစ်ယောက်ကို တစ်ခါပဲသုံးသင့်တယ်။ ကလေးငယ်ငယ်လေးမို့လို့ မရှိနိုင်ဘူးလို့ ထင်လို့မရဘူး။ တချို့ကလေးတွေက မိခင်ဝမ်းထဲမှာကတည်းက အေအိုင်ဒီအက်စ်ရောဂါ ရှိနေတတ်တယ်။ နောက် တချို့ရွာတွေမှာဆိုရင် ကင်ပွန်းတတ်တဲ့နေ့မှာ မိန်းကလေးကို နားဖောက်ပေးတယ်ဆိုတဲ့ ဓလေ့ကို ဒေါ်လေးမီကြားဖူးတယ်။ ဒါကြောင့်သတိထားရမယ်။"
"ရွာတွေမှာ ကိုယ်လည်ပတ်ရင်းနဲ့ တွေ့ရင်လည်း ၀င်ပြောပေးတာလေးတွေ လုပ်ပေးရမယ်။ အခုနောက်ပိုင်းတော့ လူတွေတော်တော်လေး သတိထားလာတဲ့အတွက် ခေတ်မီတဲ့ နားဖောက်စက်တွေမှာ နားကပ်လေးတွေ တခါတည်းတပ်ပြီး ဖောက်ပေးတာမျိုးတွေတော့ ရှိနေပြီပေါ့။ ဒါပေမဲ့ မဖွံ့ဖြိုးသေးတဲ့ နယ်မြေတွေမှာဆိုရင် ဒါတွေရနိုင်ဖို့ ရှားသေးတယ်
လေ။ ဒါကြောင့် အပ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို ဘာအတွက်နဲ့ သုံးမယ်ဆိုဆို တစ်ခါသုံးကအကောင်းဆုံးပဲပေါ့ကွယ်။ သဘောပေါက်လား။ မရှင်းတာ ရှိသေးလား။”
“သဘောပေါက်ပါပြီ ဒေါ်လေးမီ၊ ရှင်းသွားပါပြီရှင့်။”
“ကဲ ကောင်းပြီ။ ဒါဆို နောက်တစ်ခု သွားမယ်။ ကလေးအမေ နို့ရည်ထဲမှာ HIV/AID ရှိတာကြောင့် ကူးစက်နိုင်တာ သိပြီဆိုတော့ ကလေးရောဂါ မရအောင် ဘယ်လို ကာကွယ်မလဲ ဆိုတာ စဉ်းစားပြီး ပြောပါအုံး။”
“ကလေးကို နို့မတိုက်ပဲ ထားလိုက်ရုံပေါ့ဒေါ်လေးမီ လွယ်လွယ်လေး...”
“ဟား ဟားဟားဟားဟား ”အားလုံး ၀ိုင်းရယ်လိုက်တော့ မိမိပါ ပြုံးလိုက်မိသည်။ “ဟုတ်တယ် သမီးပြောတာ မှန်တယ်နော်။ ကလေးကို နို့တိုက်လို့ AID ရောဂါရှိတဲ့ မိခင်ရဲ့နို့ကို မတိုက်သင့်ဘူး။”
“မိခင်နို့က အကောင်းဆုံးဖြစ်တယ်လို့ ကြော်ငြာတွေမှာ တွေ့ဖူးပါတယ် ဒေါ်လေးမီ။ နို့မသောက်ရတော့ ကလေးသနားပါတယ်နော်၊ အဟာရချို့တဲ့မှာပေါ့။”
AIDS ရှိတဲ့ မိခင်နို့တိုက်ရင် ပိုပြီး အန္တရာယ်များတာကို သမီးသိမှာပါ။ ကလေးအဟာရ ချို့တဲ့မှု မဖြစ်အောင်ဆိုရင် ဘယ်လကနေ ဘယ်လမှာ ဘယ်နို့မှုန့်ကို တိုက်ပါလို့ ညွန်းထားတဲ့ အညွန်းတွေ သေချာ ကြည့်ရမှာပေါ့ကွယ်။
“ဆင်းရဲပြီး AIDS ရနေတဲ့ မိခင်တွေရဲ့ ကလေးတွေဆိုရင် သနားစရာပဲနော်။ သူတို့ နို့မှုန့် မ၀ယ်နိုင်ရင်လည်း ဒုက္ခပဲ” သီသီလွင်ဆိုသည့် မိန်းကလေး ထောက်ပြသည့် ကိစ္စမှန်ကန် သည်။ အခြေခံ လူမှုဖူလုံရေးဘ၀ ကိစ္စရပ်များကို ခေါင်းစဉ်တစ်ခု အနေဖြင့်သာ ရှင်းလင်းပြမှ ရနိုင်မည်ဖြစ်သည်။
"ဒီလို အခြေခံ လိုအပ်ချက်လေးတွေကြောင့် မိခင်ဘ၀ရော၊ ကလေးတွေရဲ့ဘ၀ မဖူလုံမှုကို နောက်မှ ပြောမယ်သမီးရေ။ ခုတောင် ပြောတာ အတော်လေး များသွားပြီ။ နောက် တစ်ပတ်မှာ ကွန်ဒုံးကို ဘယ်လိုအသုံးပြုလဲ ဆိုတာကို ပြောပြမယ်နော်။ သမီးတို့လည်း ပျင်းရောပေါ့။ ကဲ ကဲ ဒေါ်လေးလည်း လုပ်ငန်း ပြန်ဝင်ရအုံးမယ်။ နောက်တစ်ပတ်မှာ ပြန်ဆုံကြတာပေါ့ကွယ်နော်။"
ဟုတ်ကဲ့ဒေါ်လေးနဲ့ ဒေါ်လေးမီ၊ သမီးတို့ကို စိတ်ရှည်လက်ရှည် ရှင်းပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။
ချိုးလင်းပြာ - အပျိုစင်လေးများအတွက် သိကောင်းစရာ (၅)

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts