Saturday, July 5, 2014

အပျိုစင်လေးများအတွက် သိကောင်းစရာ (၆)


“ဟောတော်... ဒေါ်လေးမီတောင် ရောက်လာပြီ၊ သမီးတို့ အခုပဲ ကားဂိတ်မှာ သွားကြိုမလို့၊ ဒေါ်လေးမာန်ရောဟင်”
“မပါဘူး သမီးရေ၊ ဒီနေ့တော့ သူ့အလုပ်က အချိန်ပို ဆင်းရတယ်လေ။ ဒေါ်လေးမီလည်း စောစောပဲ ထွက်လာခဲ့လိုက်တော့တယ်။ သြော် သမီးတို့လည်း လူစုံနေပြီကိုး၊ ဒေါ်လေးက ၀ိရိယကောင်းလှပြီ ထင်နေတာ၊ သမီးတို့က ပိုပြီးတောင် ဇွဲကောင်းနေပါလား”

“သမီးတို့က အိမ်စာ အတူတူ လုပ်ပြီး၊ စာအတူတူ ကျက်ကြတာလေ။ ခုပဲ ဒေါ်လေးမီကို သွားကြိုမလို့ ပြောနေကြတာ၊ အိတ်ပေး ဒေါ်လေးမီ”
“ကဲ လူစုံနေပြီဆိုတော့ စလိုက်တာပေါ့။ ခုနအိတ်လေး ဒေါ်လေးကို ပေးပါအုံး၊ အော် သမီးတို့ကို ပြောထားရအုံးမယ်။ ဒီနေ့တော့ ကွန်ဒုံး ဘယ်လို သုံးမလဲ ဆိုတာ ပြောမှာဆိုတော့ ကျန်းမာရေး ကိစ္စရပ်လို သဘောထားနော်။ ဥပမာတွေနဲ့ တွဲပြရမှာဆိုတော့ သမီးတို့စိတ်ထဲမှာ တစ်မျိုး ဖြစ်နေအုံးမယ်”
“ရပါတယ် ဒေါ်လေး၊ ယုယုတစ်ယောက်ပဲ နည်းနည်းရှက်နေတာ၊ သမီးတို့လည်း သူ့ကို ၀ိုင်းပြောထားတယ်၊ ကောင်လေးတွေလည်း ရှိတာမှ မဟုတ်တာလို့၊ သူတို့သုံးတဲ့ ပစ္စည်း သူတို့မရှိရင် ပြောလို့ရတာပဲဟာ” ခပ်သွက်သွက် ကောင်မလေးတစ်ယောက် ၀င်ထောက်လိုက်မှ မိမိလည်း အနည်းငယ် ပြုံးလိုက်ပြီး ...
“သမီးတို့က ကွန်ဒုံးကို ယောက်ျားလေးတွေပဲ သုံးတယ်လို့ ထင်တာကိုး၊ မိန်းကလေးကွန်ဒုံးလည်း ရှိတယ်လေကွယ်၊ ဒီမှာ ကြည့်ကြ”
“ဟောတော့ မိန်းကလေးကွန်ဒုံးရှိတယ်၊ သမီးတို့ ကြားတောင် မကြားဖူးဘူး”
“ဟင်း... ဒီကွန်ဒုံးက အကြီးကြီးပဲနော် ဘယ်လိုသုံးမှာလဲ” တစ်ယောက်တစ်ပေါက် ၀ိုင်းပြောလာတော့
“အင်း ဟုတ်တယ်၊ အမျိုးသမီးကွန်ဒုံးက အမျိုးသားကွန်ဒုံးထက် ပိုပြီးကြီးတယ်။  ကဲ... အဲဒါကို ဖောက်ကြည့်လိုက်၊ ဖြန့်ကြည့်လိုက် ဘာတွေပါလဲ”
“ဟင် ချောချောကြီး ဆီတွေသုတ်ထားတယ် ထင်တယ်”
“အမလေး အ၀ကလည်း အကျယ်ကြီးပဲ ရှည်လည်းရှည်၊  ဟင် ဒီမှာ ကြိုးလည်းပါတယ်နော်”
“ဟယ့်တော် မီးပုံး သေးသေးလေးလိုပဲ”
“ဟားဟား ဟားဟား” ကလေးမများ ရှက်ရှက်နှင့် ၀ိုင်းရယ်လိုက်သဖြင့် မိမိပါ သူတို့လေးတွေ စိတ်လက် ပေါ့ပါးသွားစေရန် လိုက်၍ ရယ်မောလိုက်သည်။
“အေး ဟုတ်တယ် သမီး၊ အဲဒီ ကြိုးပါတဲ့ဖက်က ခေါင်းလေ။ အမျိုးသမီးအင်္ဂါအ၀မှာ ထားနိုင်ဖို့အတွက်ပေါ့။ နောက် ဒါကို ဘယ်လိုသုံးမလဲဆိုရင် ဒီကွင်းထပ်လေးကနေ ကိုင်ပြီး ခြေထောက်တစ်ဖက်ကို အမြင့်တစ်ခုလောက်မှာ တင်ပြီးရင် ဒီကွန်ဒုံးလေးကို လိမ်လိုက်ပြီး ဖြည်းဖြည်းလေး သွင်းနော်။ နောက် ဒီကြိုးကတော့ အမျိုးသမီး လိင်အင်္ဂါ အပေါက်နားမှာ ကျန်နေမယ်၊ တကယ်လို့ ကိစ္စပြီးလို့ ဆွဲထုတ်ရင် လွယ်အောင်လို့လေ” တိတ်ဆိတ်သွားသော အသံများကြောင့် သူတို့လေးတွေကို ကြည့်လိုက်တော့ မျက်နှာပန်းရောင်ဖြင့် ရှက်နေကြသည်ကို တွေ့လိုက်ရသည်။
“ဟင်း... ဒေါ်လေးမီကလည်း ဘယ်လိုကြီးလဲ မသိပါဘူး။ ဒီ မိန်းကလေးကွန်ဒုံးကလည်း စိတ်ပျက်စရာကြီး။ တော်ပါပြီ၊ ယောက်ျားမယူတော့ဘူး စိတ်ပျက်တယ်။ ပြီးတော့ ဘာကြီးမှန်းလည်း မသိဘူး” ဟုပြောလိုက်သော စန္ဒာညို၏ပုံစံက တကယ် စိတ်ပျက်သွားသလိုပင်။
“အော်သမီးရယ် ကွန်ဒုံးသုံးရမှာစိုးလို့ အိမ်ထောင် မပြုချင်တာတော့ မဟုတ်သေးပါဘူး။ ပြီးတော့ ကွန်ဒုံးသုံးတယ်ဆိုတာ အိမ်ထောင်သည်မှ မဟုတ်ဘူး။ မတော်တဆ အိမ်ထောင် မကျသေးပဲနဲ့လည်း လိင်ဆက်ဆံရမယ့် အခြေအနေတွေဖြစ်ခဲ့ရင် ကိုယ့်ဖာသာကိုယ် ကာကွယ်ဖို့ပဲလေ။ ဥပမာ - HIV/AIDS ရောဂါမျိုး၊ နောက် အမျိုးသမီးဆိုရင်လည်း ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်သေးရင်လည်း ကွန်ဒုံးသုံးလို့ရတာပေါ့”
“အေးလေ နင်ကလည်း၊ နင်မသုံးချင်ရင် ယောက်ျားလေးကို သုံးခိုင်းပေါ့၊ မိန်းကလေးကွန်ဒုံး သုံးရတာခက်ရင် ယောက်ျားလေး သုံးပါစေပေါ့ဟ” နောက်တစ်ယောက် ၀င်ထောက်လိုက်သဖြင့် ၀ါးကနဲ ပွဲကျသွားပြန်သည်။ သူမကတော့ “ ဟင်း ... စိတ်ပျက်လိုက်တာနော်၊ တကယ်မလွယ်တဲ့ကိစ္စပဲ”
“အင်း  ဟုတ်တယ်သမီးတို့ရေ၊ ကျန်းမာရေးကို လိုက်စားတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စ ဘယ်ဟုတ်ပါ့မလဲ၊ ရှောင်ရန်ဆောင်ရန် ဆိုတာတွေ ရှိတယ်လေ။ ခုဒါတွေက ဆောင်ရန်တွေပေါ့။ ရှောင်ရန်ကတော့ ကွန်ဒုံးမဆောင်ထားရင် ရောဂါရနိုင်တယ်။ ဒါကိုတော့ ရှောင်ရမှာပေါ့”
“ဒေါ်လေး သမီးသူငယ်ချင်း တစ်ယောက်က အိမ်ထောင်ကျသွားပြီလေ၊ သူကလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သိချင်လို့ သမီးကို မေးတယ်။ သူကလာချင်တာ မျက်နှာပူလို့တဲ့။ သမီးကိုပဲ မေးခိုင်းတယ်။ ယောက်ျားတွေက ကွန်ဒုံးဆောင်တာ မကြိုက်ဘူးတဲ့။ သူလည်း မိန်းကလေးကွန်ဒုံး ရှိတယ်ဆိုတာ မသိဘူးထင်တယ်။  ဒီတခါ သမီးတော့ သူ့ကို အကြံ ပြန်ပေးလိုက်မယ်။ သူမသုံးချင်ရင် နင်သုံးလို့ ရတယ်လို့လေနော် ဒေါ်လေး၊ ပြီးတော့ သူကပြောသေးတယ်၊ ကလေး မလိုချင်သေးဘူးတဲ့၊ သူ့ယောက်ျားကလည်း မလိုချင်သေးဘူးတဲ့။ ဆေးစားလို့ ရလားတဲ့၊ ရရင် ဘာဆေးစားရင် ရလဲတဲ့”
“သြော် သမီးမေးခွန်း ရှည်သွားလို့ ဒေါ်လေးတော့ မနည်းလိုက်မှတ်ရတယ်။ ဒီလို သမီးရဲ့၊ ကွန်ဒုံးမကြိုက်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေ ကွန်ဒုံးသုံးရင်လည်း ဘယ်ကြိုက်ပါ့မလဲ။ တကယ်တော့ တချို့တွေက ကွန်ဒုံးကို ပစ်ထားတယ်ဆိုရင် ခြောက်သွေ့သွားရော၊ ဒါဆို ကွန်ဒုံးသုံးတာ ဘယ်ကြိုက်ပါ့မလဲ။ နောက် ကွန်ဒုံးသုံးတာက ဒေါ်လေးတို့ လေ့လာထားသလောက် ဆိုရင် ပိုပြီးတောင် လိင်ဆက်ဆံတဲ့ နေရာမှာ စွဲလမ်းမှု ဖြစ်စေတယ်တဲ့။
နောက် ကွန်ဒုံးရဲ့ အတွင်းထိပ်ဖက်မှာ သုတ်ပိုးသတ်တဲ့ ဆီတစ်စက်လောက်ထည့်ရင် ပိုပြီး ကောင်းနိုင်တယ်လို့ ဆိုတယ်ကွဲ့၊ ဒီတော့ အဲဒီအချက်ကို ပြောပြလိုက်ပေါ့။ ဆေးစားတယ်ဆိုတဲ့ အပိုင်းကို နောက်ပိုင်း သမီးတို့ကို ဒေါ်လေး လာရှင်းပြလိမ့်မယ်။ နည်းနည်း ပြောပြချင်တာက ဆေးစားတယ်ဆိုတာ ကိုယ်ဝန်ကိုပဲ တားဆီးလို့ရမှာလေ၊ အေ့စ်ရောဂါကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးကွယ့်”
“ဟင် ဒေါ်လေး သူ့ယောက်ျားက အေ့စ်ရောဂါမှ မရှိတာ၊ သူတို့ မင်္ဂလာဆောင်ခါနီး သွားစစ်ကြသေးတယ်တဲ့” မိန်းကလေး၏ စကားကိုကြား၍ကျမပြုံးလိုက်မိသည်။
“အိမ်ထောင်သည်တွေက အပြင်မှာ တခြားသူနဲ့ လိင်မဆက်ဆံဘူး ဆိုရင်တော့ ကိစ္စ မရှိဘူးပေါ့။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ်၊ ကိုယ်ဘယ်နှစ်ယောက်နဲ့ လိင်ဆက်ဆံတယ်ဆိုတာ ပြန်ပြောလေ့ မရှိဘူးကွယ့်။ ပြန်ပြောပြရင်တောင် “အရင်တုန်းက”ဆိုပြီး အမျိုးသားတွေက ပြောတတ်ကြတယ်။ ဒီတော့ ဒေါ်လေးပြောချင်တာက စိတ်ချလို့ရတယ် မရဘူးဆိုတာက ကာယကံရှင်ပဲ သိမှာလေ မဟုတ်ဘူးလား”
“အင်းလေ  ဟုတ်ပါတယ်။ အိမ်ထောင်သည်တွေ အနေနဲ့လည်း ကွန်ဒုံးကို ဆောင်ထားသင့်ပါတယ်”
“ ဟော လွဲပြန်ပြီ သမီးရေ၊ အိမ်ထောင်သည်တွေပဲ ကွန်ဒုံးကို ဆောင်ထားသင့်တာ မဟုတ်ဘူး။ တချို့တွေက အရွယ်ရောက်ရင် စမ်းသပ်ချင်တာ ရှိကြတယ်။ အများအားဖြင့်တော့ အမျိုးသားတွေပေါ့။ နောက် သမီးမိန်းကလေးတွေကလည်း ရည်းစားတွေ့ပြီး မတော်တဆတွေ ဖြစ်လာတတ်တယ်လေ။ ဒီတော့ အပျို၊ လူပျိုပဲဖြစ်ဖြစ်၊ အရွယ်ရောက်လာရင် ကွန်ဒုံးက ဆောင်ထားသင့်တယ်။ ကိုယ်ကတစ်ယောက်တည်းနဲ့ လိင်ဆက်ဆံတယ်ဆိုပေမယ့် ကိုယ်နဲ့လိင်ဆက်ဆံတဲ့သူက အခြားဘယ်နှစ်ယောက်နဲ့ ဆက်ဆံထားသလဲဆိုတာ မသိနိုင်ဘူးလေ။ ဒါကြောင့် မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ဆောင်ထားသင့်တာပေါ့”
“အမလေး ဒေါ်လေးရယ်၊ တော်ကြာ ဒီမိန်းကလေးတွေ နန့်ကျောကိုထတယ်။ ကွန်ဒုံးတောင် ဆောင်ထားတဲ့ အဆင့်လို့ ပြောနေအုံးမယ်။ ခုတောင် ယုယုကို ပိန်လွန်းလို့ “တင်”တောင် မရှိဘူးဆိုပြီး ဘယ်ကောင် ၀ါးထားပြီလဲ မသိဘူးလို့ ကောင်လေးတွေက မိုက်မိုက်ရိုင်းရိုင်း ပြောလို့ သမီးတို့တွေ ရန်ဖြစ်ခဲ့ကြရပြီးပြီ။ ယုယုဆို ဘာမှတောင် မပြောနိုင်ဘူး၊ ငိုချည်းပဲနေတာလေ”
“အိုကွယ် ဒေါ်လေး စိတ်မကောင်းပါဘူး။ တကယ်တော့ အဲဒီလိုပြောတာတွေကို နားထဲကိုမထည့်ပါနဲ့၊ ကိုယ့်ဘာသာကိုယ် ဘာလဲဆိုတာ သိထားဖို့ပဲ လိုတယ်။ ဘယ်လောက် စိတ်ထိခိုက်မလဲဆိုတာ ဒေါ်လေးနားလည်ပါတယ်။ ဒေါ်လေးတို့ရဲ့ ယဉ်ကျေးမှုနဲ့ဆိုရင်တော့ အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိုးသားတွေပဲဖြစ်ဖြစ် ကွန်ဒုံးဆောင်ရင် ပြောချင်ကြမှာပဲလေ။ ဒေါ်လေးကြားဖူးတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြချင်တယ်။ မြန်မာပြည်က ဆရာဝန်တစ်ယောက်က အင်္ဂလန်မှာ ပညာတော်သင် သွားရတယ်ကွယ့်၊ အဲ့မှာ သူက မြန်မာနဲ့ ဘိုကပြားစပ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကြိုက်ကြတယ်လေ။ အမျိုးသမီးလေးနဲ့ တစ်ရက်ချိန်းတွေ့ရင်း လွန်လွန်ကျူးကျူး ဖြစ်ဖို့ အဆင့်ကို ရောက်လာတယ်။ ဒီတော့ အမျိုးသမီးလေးက သူ့ကို ကွန်ဒုံးပေးလိုက်တယ်တဲ့။ အဲဒီမှာ ကောင်လေးက စိတ်ပျက်သွားပြီ၊ ဘာမှမဖြစ်လိုက်ဘူးပေါ့၊ နောက်ပိုင်း အိမ်ပြန်ပြီး ကောင်မလေးနဲ့ ပြတ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်မလေးကို အပျိုလို့ထင်နေတာ ကွန်ဒုံးတောင် ဆောင်တယ်ဆိုတော့ ကောင်မလေး ဘယ်နှစ်ယောက်နဲ့များ အိပ်ထားပြီလဲဆိုပြီး စိတ်ပျက်၊ အထင်သေးသွားတာပေါ့။ ကောင်မလေးက မဟုတ်ရပါဘူး၊ ကျန်းမာရေးအတွက် ဆောင်ထားတာဖြစ်တယ်။ အထူးသဖြင့် ခုလို ရည်းစားရှိနေတဲ့ အချိန်မှာ ဆောင်ထားသင့်တာပဲ မဟုတ်လားလို့ ပြောပြတယ်။ ဒါပေမဲ့ မရတော့ဘူး။ နောက် ပြောသေးတယ်၊ တချို့ အမျိုးသမီးတွေဆိုရင် မုဒိမ်းကျင့်ခံရတော့မယ်၊ ရုန်းထွက်လို့လည်း မရနိုင်တော့ဘူးဆိုရင် ကွန်ဒုံး ပေးလိုက်တာမျိုးတောင် ရှိတယ်တဲ့။ သူကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ကြွယ်ကြွယ်နဲ့ ရှင်းပြပေမယ့်လို့ ဆရာဝန်ကောင်လေးက လက်မခံတော့ဘူးတဲ့၊ အင်း  ဒါတောင် အင်္ဂလန်မှာ ပညာသွားသင်နေတဲ့ ဆရာဝန်လေကွယ်။ အဲဒီလိုတော့ ရှိတယ်။ ကဲပါလေ၊ ထားလိုက်ပါတော့ အခု အမျိုးသားတွေ ကွန်ဒုံး ဘယ်လိုသုံးသလဲဆိုတာ ပြောပြမယ်နော်။ ဒီမှာကြည့် ဒါ အမျိုးသားကွန်ဒုံးပဲ”
“ဟင်း ဒေါ်လေးမီ ပြောပြတော့ ရင်တောင် မောတယ်။ ကောင်မလေးက သနားပါတယ်။ အဲဒီလူကလည်း ညံ့လိုက်တာ”
“ကဲပါ ဒီကွန်ဒုံးကို ဖောက်ကြည့်လိုက်၊ ဘာတွေပါသလဲ၊ ဘယ်လိုလဲ၊ ပြီးရင် ဘယ်လိုသုံးမလဲဆိုတာ ပြောပြမယ်”
“ဟယ် ပူစီဘောင်းလေးလိုပဲနော်”
“အေး ဟုတ်တယ်။ အဲဒီကွန်ဒုံးက အမျိုးသားကွန်ဒုံးဖြစ်တဲ့အတွက် အမျိုးသားတွေရဲ့ လိင်အင်္ဂါ တောင့်တင်းလာတဲ့ အခါမှပဲ စွပ်လို့ရတယ်”
“သူတို့ဟာက  ဘယ်အချိန်မှာ တောင့်တင်းလာတာလဲ ဒေါ်လေးမီ”----- ၀ါးကနဲ ပွဲကျသွားပြန်သည်။
“သူတို့လိင်အင်္ဂါက လိင်ဆက်ဆံချင်တဲ့ အချိန်မှာ အဆင်သင့်ဖြစ်လာတာကို ပြောတာပါ။ ကဲ ကွန်ဒုံးအိတ်ကိုဖောက်ရင် သတိထားရတယ်။ ကြည့် အိတ်ကလေးကို နည်းနည်းလေး ဖိလိုက်ပြီးမှ အသာလေး အိတ်ကို ဖောက်လိုက်။ ကဲ သမီး ခုနက ဖောက်လိုက်တဲ့ ကွန်းဒုံးကိုပြပါအုံး”
“ရော့ ဒေါ်လေးမီ၊ သမီး လက်သွားဆေးလိုက်အုံးမယ်နော်။ ဆီတွေနဲ့ ဘာတွေမှန်းလည်း မသိဘူး” ကောင်မလေးများ မျက်နှာနီနီဖြင့် ကြည့်နေကြသည်။
“အဲဒါ ဆီမဟုတ်ပါဘူး၊ ဂျယ်လီလို အရည်တစ်မျိုးပါ။ ဟော ကြည့် သမီးလက်သည်းက ရှည်တယ်ထင်တယ်။ တွေ့လား အားလုံး၊ ဒီမှာ အပေါက်ဖြစ်သွားပြီ၊ အဲဒီလိုပေါက်နေရင် သုတ်ရည်တွေ ဒီကနေ ပြန်ထွက်နိုင်တယ်”
“ဟယ် ဟုတ်တယ်တော့”
“ဒီမှာ ဒေါ်လေး ဖောက်ထားတာကို ကြည့်ပြီးရင် ဒီလို ထိပ်နားမှာကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲချ၊ တကယ်လို့ စွပ်ရခက်တယ်ဆိုရင် လိင်တံအရေပြားကို အောက်ဖက်ကိုဆွဲချထား၊ ဒီမှာ ဒီပုံကိုကြည့်ပြီးရင် လိင်တံအဆုံးထိဆွဲလိုက်၊ နောက် လိင်ဆက်ဆံနေချိန်မှာလည်း ကွန်ဒုံး ကျွတ်မသွားအောင် သတိထားရမှာပဲ။ ပြီးရင် ဒီပုံကိုကြည့် လိင်ဆက်ဆံပြီးတာနဲ့ အဆုံးပိုင်းကို သေချာကိုင်ထား။ ပြီးတော့ လိင်တံကနေ သေချာဆွဲထုတ်ရမယ်။ ဆွဲထုတ်ပြီ ဆိုရင်လည်း သုတ်ရည်တွေ မဖိတ်စင်အောင် သတိထားရမယ်။ လိင်ဆက်ဆံလို့ မပြီးခင်မှာတော့ မချွတ်ရဘူး။ ပြီးရင် ကွန်ဒုံးထိပ်ကို သေချာချည်လိုက်။ စက္ကူအိတ် (သို့မဟုတ်) အိတ်တစ်ခုထဲမှာ ထည့်ပြီး ကလေးတွေနဲ့ ဝေးတဲ့နေရာမှာ စွန့်ပစ်ရမယ်။ ကွန်ဒုံးကတော့ တစ်ခါသုံးပဲနော်။ နောက်တစ်ကြိမ် ထပ်မသုံးရဘူး။  ကဲ သမီးတို့ ရှင်းရဲ့လား၊ ဘာမေးစရာရှိလဲ”
“မိန်းကလေး ကွန်ဒုံးလည်း အဲဒီလိုပဲ လုပ်ရမှာလား ဒေါ်လေးမီ၊ ပြီးတော့ ကလေးတွေ ဆော့မှာစိုးလို့ အဝေးမှာ ပစ်ခိုင်းတာလား”
“သြော် ...ဟုတ်သားပဲ၊ ကျေးဇူးတင်ပါတယ် သမီးရေ၊ ဒီမေးခွန်းက သိပ်အရေးကြီးတယ်။ အမျိုးသမီးကွန်ဒုံးကတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက်ထိ သုံးလို့ရတယ်။ သေချာပြန်ဆေးပြီး ခြောက်သွေ့တဲ့နေရာမှာ ပြန်ထားရမယ်။ နောက် ကွန်ဒုံးကိုသုံးရင် ky jelly ပြန်ထည့်ပေးရမယ်။ အဲဒါကလွဲလို့ တခြားချောဆီတွေ ဘာတွေ မထည့်ရဘူးနော်။ နောက် ကလေးတွေကိစ္စကတော့ ဟုတ်တယ်။ သူတို့တွေက စူးစမ်းတတ်တော့ ထုပ်ထားပေမယ့် ဖွင့်ကြည့်တတ်ကြတယ်။ ဒါကြောင့် သေချာပစ်ခိုင်းတာပါပဲ”
“ဒေါ်လေးမီ  ကွန်ဒုံးတွေက တခြားပစ္စည်းတွေလို ဒိတ်အောက်တာတွေ ဘာတွေရှိလားဟင်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ရှိတယ် သမီးရေ၊ ဒိတ်ကိုတော့ ကြည့်ပြီးဝယ်ရမယ်။ ရက်လွန်တဲ့ဟာတွေကို သုံးမိရင်လည်း ကွန်ဒုံးပေါက်သွားတာမျိုး ဖြစ်နိုင်တယ်ကွယ့်”
“ဒေါ်လေးမီ တချို့က ကွန်ဒုံးမသုံးချင်ပဲနဲ့ အိမ်ထောင်မပြုခင် အတူနေမယ်။ မိန်းကလေးကို ဆေးစားလို့ပြောရင် ဘယ်လိုလုပ်မလဲဟင်”
“အင်း ဟုတ်တယ် သမီး အဲဒါက သိပ်အရေးကြီးတယ်။ မိန်းကလေးတွေကို ဆေးစားခိုင်းရုံနဲ့ ရောဂါကို မကာကွယ်နိုင်ဘူး။ ဒါကြောင့် သူတို့က မသုံးနိုင်ဘူးလို့ ပြောရင် သုံးတဲ့အထိ စောင့်ခိုင်းလိုက်ရုံပဲပေါ့”
“ဒေါ်လေးမီ ... သမီးတို့ သူငယ်ချင်း ယောက်ျားလေးတချို့က ပြောတယ်။ ကွန်ဒုံးသုံးတယ်ဆိုတာ မိုးကာဝတ်ပြီး ရေချိုးရတာနဲ့ တူတယ်လို့ပြောတယ်၊ သူတို့လိုလူတွေဆို ဘယ်လိုပညာ သွားပေးမလဲ ဒေါ်လေးရယ်နော်” ၀ါးကနဲ ပွဲကျသွားသော အဖွဲ့ကိုကြည့်၍ ကျမလည်း ပြုံးလိုက်မိသည်။
“အင်းကွယ် ကြံကြံဖန်ဖန် ပြောတတ်လိုက်တာ၊ ဒီတော့ သူ့ကို ပြန်ပြောပြရမှာက ကွန်ဒုံးက တသက်လုံးရဲ့ ကျန်းမာရေးအရ ပြန်လည်ကုယူလို့ မရတာတွေကို ကာကွယ်ပေးတာဖြစ်တယ်၊ ကြိုက်တဲ့လမ်းကို ရွေးလို့ ပြောရမှာပေါ့ကွယ်။ မဟုတ်ဘူးလား” ဟုတ်တယ်၊ ဟုတ်တယ်ဟု ၀ိုင်းထောက်ခံကြသော ကလေးများကိုကြည့်၍----
အင်းဒီနေ့တော့ သွားရတော့မယ်။ အချိန်တွေ သိပ်များသွားလို့ ကလေးတွေများ စိတ်မပါဘူးလားဟု ကြည့်လိုက်တော့ စိတ်ပါလက်ပါဖြင့် ၀ိုင်းဝန်းမေးခွန်း မေးကြပြီး၊ မိမိကျန်ခဲ့မည် ထင်သည့် အကြောင်းအရာများပင် ပြန်လည်မေးခွန်းထုတ်နိုင်သော ယနေ့ခေတ် လူငယ်များကို မိမိ အထူးချီးကျူး ကျေးဇူတင်မိနေသည်။
နှုတ်ဆက်၍ ပြန်တော့မည်လုပ်မှ “ဒေါ်လေးမီ နောက်တစ်ပတ်ရော ဘာတွေပြောပြမှာလဲ” ဟုမေးတော့ “အေးအေး သမီးတို့ ဒေါ်လေး ဘာပြောမယ်တော့ မသိဘူးကွယ်၊ သိချင်တာကိုတော့ သမီးတို့ ဒေါ်လေးမာန်ကိုပဲ မေးတော့နော်၊ ဒေါ်လေးမီတော့ နောက်ပိုင်း မအားတော့ဘူးကွဲ့။ အားတဲ့ တစ်ရက်တော့ သမီးတို့ ဒေါ်လေးနဲ့ လိုက်ခဲ့မယ်လေနော်”
“ဟုတ်ကဲ့ပါ ဒေါ်လေးမီ၊ သမီးတို့ ဒေါ်လေးမီကို ကျေးဇူးအရမ်းတင်ပါတယ်၊ အချိန်ရရင်လည်း ဒေါ်လေးမာန်နဲ့ အတူ ပြန်လာခဲ့ပါအုံး၊ မျှော်နေမယ်နော်”
“ဟုတ်ပါပြီကွယ်၊ သမီးတို့လည်း သိသလောက်ကို သူငယ်ချင်းတွေကို ပြန်ပြောပြနော်။ ဒါတွေက လူတိုင်း၊ လူတိုင်း သိထားရမယ့် အချက်တွေကွယ့်။ ပညာပေးတယ်ဆိုတာက တဆင့်စကား တဆင့်ကနေ ပြောပြတာက အမြန်ဆုံးပဲ ဒေါ်လေးမီကို လိုအပ်ရင်လည်း လှမ်းမေးကြပေါ့ကွယ် နော်။ ကဲ ကဲ ဒေါ်လေးသွားပြီဟေ့ ”
“ဟုတ်ကဲ့ပါ ဒေါ်လေး” နှုတ်ဆက်ပြီး ပြန်လာတော့ မိမိရင်ထဲ ကျေနပ်မိသည်။ ယခုခေတ် ကလေးမလေးများ စိတ်ဝင်စားသည့် အကြောင်းအရာများသည် ကမ္ဘာနှင့်အမီ လိုက်နေသော အကြောင်းအရာများ ဖြစ်၍ နောင်အနာဂတ်အတွက် လူငယ်ကောင်းများစွာ ပေါ်ထွက်လာအုံးမည်ကို စိတ်ကြည်နူးစွာဖြင့် တွေးနေမိတော့သည်။ အိမ်အပြန်လမ်းသည် သာယာဖြောင့်ဖြူးလျှက် မိမိကို ကြိုဆိုနေသလိုပင်။
ချိုးလင်းပြာ - အပျိုစင်လေးများအတွက် သိကောင်းစရာ (၆)

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts