Saturday, July 5, 2014

အပျိုစင်လေးများအတွက် သိကောင်းစရာ (၇)


“ဟေး.... သူငယ်ချင်းတို့ရေ ဒေါ်လေးမာန် လာပြီဟေ့” ရွှင်ပျပျ အော်ခေါ်လိုက်သော အသံကြောင့် ကောင်မလေးတသိုက် ပြေးထွက်လာခဲ့ကြသည်။
“ဒေါ်လေးကို လွမ်းလိုက်တာ ”။
“အင်း ဒေါ်လေးလည်း အားလုံးကို သိပ်လွမ်းတာပဲကွယ်၊ သမီးလေးတို့ စာမေးပွဲရှိနေလို့သာ ဖြတ်ထားလိုက်ရတာ ဒေါ်လေး အမြဲတမ်းတော့ အောက်မေ့ ဆုတောင်းပေး နေပါ တယ်ကွယ်”။

“ဒေါ်လေးမာန်ပြောမယ့် စကားတွေ စောင့်ပြီးနားထောင်ဖို့ အင်နဲ့အားနဲ့ စောင့်နေကြပြီနော်” “ဒေါ်လေးကို အားပေးကြမှာလေ”။
“ကဲ ... ကဲပါဟယ် ဒေါ်လေးကို ပေးနားလိုက်ပါအုံး၊ နင်တို့ကလဲ”
“ဟေ့ ဟေ့ မကဲနဲ့ ဒီမှာ ပါးစပ်ပြောမဟုတ်ဘူး၊ ဒေါ်လေးအတွက် ရေအေးအေးလေးတစ်ခွက် သွားခပ်နေလို့ နောက်ကျနေတာနော်”
“အမယ်လေး အသားဝင်ယူပြန်ပြီ”
တစ်ယောက်တစ်ပေါက်ဖြင့် လုပြောကြရင်း ပြုံးပျော်နေကြသော သူတို့လေးတွေကို ကြည့်၍ မိမိ ကျေနပ်စွာ ပြုံးနေမိသည်။ ရေအေးအေးတစ်ခွက်ကို လှမ်းယူရင်း သောက်လိုက် တော့ ရင်ထဲ အေးစိမ့်သွားသည်သာမက သူမလေးတို့၏ အပျော်များပါ မိမိရင်ထဲ ကူးစက်သွားပါတော့သည်။
“ဒေါ်လေး ဒီမှာထိုင်နော်”
မိမိကိုနေရာပေးရင်း အားလုံး စက်ဝိုင်းသဏ္ဍာန် လျင်မြန်စွာ နေရာယူလိုက်ကြသော သူမလေးတို့၏ သွက်လက်မှုကို ကြည့်ပြီး မိမိပီတိဖြစ်ရပြန်သည်။ သူမလေးတို့၏ စိတ်ဝင်စားမှု ကိုလည်း တပြိုက်နက်တည်း ဖော်ပြလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“သမီးတို့ အင်အား များလှချီလားကွယ့်၊ အားလုံးကလည်း စာမေးပွဲပြီးထားကြလို့ ထင်တယ်၊ လွတ်လပ်နေကြသလိုပါပဲလား။ အားလုံးရော စာမေးပွဲ ဖြေနိုင်ကြရဲ့လား”
“ဟုတ်ကဲ့ ဒေါ်လေးမာန် ဖြေနိုင်ပါတယ်” ဟု တပြိုက်နက်တည်း ဖြေလိုက်သော အသံကြောင့် သူမလေးတို့ တသိုက်နှင့်အတူ သဘောကျ ရယ်မောလိုက်သည်။
“ဒေါ်လေးမာန်ရဲ့ တူမလေးတွေ အားလုံးက တော်ပြီးသားပဲကွယ်။ ၀ါသနာပါရာ ဘာသာရပ်တွေကို လေ့လာ လိုက်စားကြနော်။ အဲဒါက အရေးအကြီးဆုံးပဲ”
“ဟုတ်ကဲ့ ဒေါ်လေးမာန် သမီးကတော့လေ ဒေါ်လေးမာန် ပြောပြတာနဲ့ ရှေ့ဆက်ပြီး သွားဖွားမီးယပ်ပါရဂူ ရဖို့ထိ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ သမီးရဲ့ အမှတ်ကလည်း မှီမှာပါ”
“အိုး တော်လိုက်တာ သမီးရယ်၊ ဟုတ်ပြီ ဒေါ်လေးတော့ နောက်ဆို အငြိမ်းစားယူရတော့မယ် သမီး ဆေးကျောင်းတက်နေတုန်း ပြန်ပြီး သူငယ်ချင်းတွေကို ရှင်းပြပေါ့ ဟုတ်ပြီလား”။
ထိုသို့ပင် တစ်ယောက်တစ်ပေါက် ပြောကြသည်ကို နားထောင်ရင်း ဒီနေ့အဖို့ သူတို့အားမာန်လေးတွေကို ကြည့်ရင်း မိမိကြည်နူးမိ ပါသည်။ မိမိကြိုးစား၍ သူမလေးတို့၏ စကား ၀ိုင်းကို မိမိစကားဝိုင်းသို့ ရောက်နိုင်ရန် “ကဲ ကဲ ဒေါ်လေးမာန် မသိသေးတဲ့ သမီး တို့လေးတွေနဲ့ မိတ်ဆက်ပေးပါအုံးကွယ်” ဟု အစပြုတော့ သူမလေးတို့ အားလုံး ၀ိုင်းဝန်းမိတ်ဆက် ပေးကြသော အမျိုးသမီး ငယ်များကို ကြည့်၍ ကျေနပ်မိပြန်သည်။ ယနေ့ခေတ် အမျိုးသမီး လူငယ်လေးများ၏ လှပဆန်းသစ်သော ပြင်ဆင် မှုလေးတွေ ကိုပါ တပြိုင်တည်း မြင်တွေ့ ခံစားမိလိုက်ပြန်ပါသည်။
“ဟုတ်ပြီ ဒေါ်လေးကတော့ အားလုံးကို မှတ်မိပါတယ်။ ဒါပေမဲ့ နာမည်လေးတွေတော့ မှတ်မိဖို့ခက်တယ် ဒေါ်လေးက အသက်ကြီးပြီလေ။ အဲဒီတော့ လူငယ်တွေကပဲ ဒေါ်လေးကို နာမည်လေးတွေနဲ့ ခေါ်ပြော နှုတ်ဆက်ပေါ့ကွယ် ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ ဒေါ်လေး” ဟု သံပြိုင်ဖြေလိုက်သံကြောင့် မိမိပြုံးလိုက်မိသည်။
“ကဲ ဒီနေ့တော့ ဒေါ်လေးက မိသားစုစီမံကိန်းနဲ့ ပတ်သက်လို့ သမီးတို့ကို ပြောပြမယ်နော်”
“ဟို မိသားစုစီမံကိန်းဆိုတာ ဘာလဲဟင် ဒေါ်လေး”
“ဟယ် နင်ကလည်း ဒေါ်လေးရှင်းပြမှာပေါ့” ဟု တစ်ယောက်က မိမိအား အားနာသကဲ့သို့ ခပ်မြန်မြန် ဟန့်တားလိုက်သည်။
“ကဲ ကဲ သမီးတို့ကို ပြောထားရအုံးမယ် ဒေါ်လေးမာန်ပြောနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် ဘယ်အချိန်မဆို ကိုယ်သိချင်တာကို ချက်ချင်းကောက်မေးနော်။ ဒေါ်လေးက စိတ်အနှောင့် အယှက် မဖြစ်ပါဘူး။ အားလည်း မနာနဲ့နော်။ ဒေါ်လေးက မေးခွန်းမေးတတ်တာကို ကြိုက်ပါတယ်ကွယ့်နော်”
“ဟုတ်ကဲ့ပါ ဒေါ်လေး”
“အင်း မိသားစုစီမံကိန်း ဆိုတာကတော့ အိမ်ထောင်တခု မပြုခင်မှာ စပြီး စဉ်းစားရတာမျိုးပါ။ လွယ်လွယ်လေး ပြောရရင်တော့ ကိုယ်တိုင် ဘယ်လိုမိသားစုလေးကို ဖန်တီးမလဲ ဆိုတာမျိုးပေါ့။ ဥပမာ ... အိမ်ထောင်ကျတဲ့အခါမှာ သားသမီးကို ဘယ်နှစ်ယောက်ယူမလဲ။ အမျိုးသမီး၊ အမျိုးသားရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။ ကလေး ဘယ်နှစ်ယောက် မွေးနိုင်သလဲ။ ၀င်ငွေ ဘယ်လောက်ရှိလဲ။ ဘယ်လိုဘ၀မျိုးနဲ့ ရှင်သန်ရပ်တည်မလဲဆိုတဲ့ အခြေခံစဉ်းစားချက်တွေနဲ့ တည်ဆောက်တာမျိုးကို မိသားစုစီမံကိန်းလို့ ခေါ်တာပေါ့ကွယ်”
“ဒါဆို ကလေးတွေ အများကြီး မွေးထားတဲ့လူတွေက မိသားစုစီမံကိန်း မရှိလို့ပေါ့နော်” ဟု တစ်ယောက်က ခပ်သွက်သွက် မေးလိုက်တော့ “ အင်း ... အဲလိုလည်း မဟုတ်ဘူး ပေါ့ကွယ်။ ဥပမာ... တချို့က ကျန်းမာရေးလည်း ကောင်းတယ်၊ ၀င်ငွေလည်း လုံလောက်တယ်၊  သားသမီးတွေကိုလည်း အချိန်ပေးပြီး ပြုစုပျိုးထောင်နိုင်တယ်။ ကလေးကိုလည်း ၂ နှစ်ခွဲ သို့မဟုတ် ၃ နှစ်လောက်ကို တစ်ခါမွေးပြီး သားအိမ် ပြဿနာမရှိပဲ ကလေး ၅ ယောက်လောက် ရထားတယ် ဆိုရင်တော့လည်း ပြောလို့မရဘူးပေါ့။ အဲဒီထက် များသွားရင် တော့လည်း ဆရာဝန်နဲ့ သေချာ စစ်ဆေးသင့်တယ်”
“ဘာဖြစ်လို့လဲ ဒေါ်လေး” ဟု တစ်ယောက်က မေးလိုက်ပြန်သည်။ “ကဲ သမီး ဒီပူစီပေါင်းကို လေတင်းအောင် မှုတ်လိုက် ရော့...”
“ဟင်း သမီး ပူစီပေါင်းကွဲသွားမှာ ကြောက်တယ်”
“သြော် ပေးပေး ပုလဲ၊ ငါပဲမှုတ်မယ်” ဟု ဆို၍ ပူစီပေါင်းကို တင်းနေအောင် မှုတ်ပေးပြီး မိမိကိုပြန်ပေးသည်။ အားလုံး၏ အာရုံကလည်း ပူစီပေါင်းနှင့် မိမိအပေါ် စိတ်ဝင်တစား ကြည့်နေကြသည်။ မချည်နှောင်ရသေးသော ပူစီပေါင်းကို လေမလျော့သွားစေရန် ပူစီပေါင်း ခေါင်းဝကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း၊ “ကဲ သမီးတို့ကြည့် ဒေါ်လေးတို့ အမျိုးသမီးတွေမှာ သားအိမ်ရှိတယ်ဆိုတာ အားလုံးသိတယ်နော်”။
 “ဟုတ်ကဲ့”
“အင်း အဲဒီသားအိမ်က ခုနက ပူစီပေါင်းလေး မမှုတ်ရသေးခင်လိုပဲ သေးသေးလေး၊ ကဲ ပြောပါအုံး၊ ဒေါ်လေးပြောခဲ့ဘူးတယ်။ ဘယ်နှစ်မီတာရှိလဲ”
“၈ စင်တီမီတာလောက်ပဲ ရှည်ပါတယ် ဒေါ်လေး”
“အိုး မှတ်မိလိုက်တာ၊ ဒေါ်လေးတော့ ကျေနပ်သွားပြီ”
“သူက တော်သလင်းလမှာ မွေးတာလေ ဒေါ်လေး” ဟု တစ်ယောက်က ခပ်နောက်နောက် လှမ်းပြောလိုက်တော့ အားလုံး ပွဲကျသွားကြသည်။
“ကဲ ဟုတ်ပါပြီ၊ ဒီမှာကြည့် ခုနက ပူစီပေါင်း သေးသေးလေးကို မှုတ်လိုက်တော့ အကြီးကြီး ဖြစ်သွားတယ်။ အဲလိုပဲ အမျိုးသမီးတွေက သားအိမ်ထဲမှာ ကိုယ်ဝန်ဆောင်လိုက်တော့ ခုပူစီပေါင်းကို မှုတ်လိုက်သလိုပဲ ကြီးထွားလာတယ် ဟုတ်ပြီနော်” စူးစိုက်ကြည့်နေကြသော သူမလေးတို့၏ မျက်ဝန်းများက စိတ်ဝင်စားမှုကို ဖော်ပြနေသည်။
“ကဲ ခုကြည့်” ဟူ၍ လေများထုတ်လိုက်ရာ “ခုနက ပူစီပေါင်းက ပုံမှန်ရှိသေးလား”
“မရှိတော့ပါဘူး”
 “ဘာဖြစ်သွားလဲ”
“တွဲပြီး ကျနေပါတယ် ဒေါ်လေး”
"ဟား ဟား ဟား" ။ အားပါးတရ ၀ိုင်းရယ်လိုက်သော သူမလေးတို့နှင့်အတူ မိမိလည်း ရယ်မိသည်။
“ဟုတ်တယ် ပုံမှန် တင်းမနေတော့ဘူး၊ အမျိုးသမီးတွေရဲ့ သားအိမ်ဟာလည်း ဒီပူစီပေါင်းလေးလိုပဲကွယ့်၊ ဒါတောင် ပူစီပေါင်းထဲမှာ ရေမထည့်ရသေးဘူး။ ရေထည့်ထားရင် ဒီထက်ပိုပြီး တွဲကျသွားနိုင်တယ် ဟုတ်တယ်မဟုတ်လား”
“ဟုတ်ပါတယ် ဒေါ်လေး” ဟု သံပြိုင် အားပါးတရပြောရင်း တဆက်တည်း ၀ိုင်းရယ်နေကြပြန်သည်။

“ဒါကြောင့် ကလေးတစ်ခါယူတိုင်း အမျိုးသမီးတွေရဲ့ သားအိမ်ဟာ ပုံမှန်အခြေအနေကနေ တဖြည်းဖြည်း ယိမ်းယိုင်လာတယ်။ သားအိမ်က ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်ဖို့ မလွယ် ပေမယ့် သားအိမ်ကျန်းမာအောင် အချိန်စောင့်ပေးရတယ်။ တချို့ အမျိုးသားတွေရော အမျိုးသမီးတွေရော အဲဒါတွေမသိကြပဲ တစ်နှစ်ကို တစ်ယောက် ကလေးမွေးကြ တာရှိတယ်။
ကလေးမွေးရင်လည်း ပုံမှန်မိန်းမသားမို့ ကိုယ်ဝန်ရှိသွားရင် လွယ်ပြီးမွေးရမယ်လို့ပဲ သိထားတာကိုး၊ ဒါကြောင့် ကလေး တစ်ယောက်ပြီး တစ်ယောက် အလွယ်တကူမွေးပြီး ဘုစု ခရုတွေ များလာတော့ အမေတစ်ယောက်တည်း မနိုင်၊ အဖေကလည်း စီးပွားရှာနေတော့ မကြည့်နိုင်၊ ၀င်ငွေမလုံလောက်နိုင်တော့ လူပိုကလည်း မခေါ်နိုင် ဆိုတာမျိုးတွေ သမီးတို့ တွေ့ဖူးမှာပေါ့”
“ဒေါ်လေး သမီးနာမည် ဝေမာပါ၊ သမီးတို့မိသားစုက အဲလိုဖြစ်နေပါတယ်၊ လက်ရှိသမီးက အကြီးဆုံးပါပဲ၊ သမီးအောက်မှာ ၅ ယောက်အပြင် အမေက ခုကိုယ်ဝန်နဲ့ပါ၊ သမီးတို့က ခရစ်ယာန်ဆိုတော့ ကိုယ်ဝန်တားလို့လည်း မရပါဘူး။ ဒီတော့ ရှိလာရင် သားသမီးယူရတာပါပဲလို့ အမေကပြောပါတယ်၊ သမီးလည်း အိမ်စီးပွားရေး အဆင်သိပ်မပြေတော့လို့ ဒီနှစ် ၁၀ တန်း အောင်ရင်တောင် တက္ကသိုလ် မတက်နိုင်တော့ပါဘူး၊ အလုပ်လုပ်ရင်း အပြင်ဖြေရတော့မှာ...”
ပြောရင်း အသံတိမ်ဝင်သွားသော သူမကို မိမိ အားပေးပြုံးဖြင့် ကြည့်ရင်း “အိုး သမီး ဒါက စိတ်ညစ်စရာ မဟုတ်ဘူးလေ၊ ပြီးသွားပြီးတာတွေ လက်ရှိ ဖြစ်နေတာတွေကို သမီးတို့ အားမာန်နဲ့ ပြန်တွန်းလှန်ရမှာပေါ့။ မေမေကိုလည်း နောက်ပိုင်း ကိုယ်ဝန်တားတယ်ဆိုပေမယ့် ဆေးမစားပဲ တားလို့ရတဲ့နည်းတွေ သမီးပြန်သွားရင် ပြန်သွားပြောပြပေါ့။ သမီးရဲ့ အမေမို့လို့ အခက်အခဲဖြစ်ရင် ဒေါ်လေးတို့ ပြောတဲ့ စကားဝိုင်းကို ခေါ်ခဲ့လည်းရတယ်။ ဒါမှမဟုတ် ဒေါ်လေးနဲ့တစ်ရက်ချိန်းပြီး စကားပြောရင် ရတာပေါ့ကွယ်၊ ဖြေရှင်းနည်းတွေ အများကြီးရှိပါတယ် သမီးဝေမာရယ်၊ ဒါ အားငယ်စရာမှ မဟုတ်ပဲကွယ်နော်”
“ဟုတ်ကဲ့ ဒေါ်လေး” ဟု မရဲတရဲ ပြန်ဖြေနေပြန်သော သူမကို မိမိအားပေးရအုံးမည်။
“ဟင်း ဒေါ်လေး မိသားစုစီမံကိန်းမှာ ကိုယ်ဝန်မရအောင် တားတာလည်း ပါတာပေါ့နော်”
“ပါတာပေါ့ သမီးရဲ့ ပါတာပေါ့၊ မဟုတ်ရင် ကလေးတွေက အမြဲတမ်း မွေးနေတော့မှာပေါ့၊ အမျိုးသမီးတွေက သွေးသားမဆုံးမခြင်း ကလေးမွေးနေနိုင်တာပဲ မဟုတ်လား။ တချို့ဆို အသက် ၅၀ နီးပါးတောင် ကလေးရနိုင်ကြတာမျိုး ရှိတယ်ကွယ့်”
“ဟင်ဒါဆို မိသားစုစီမံကိန်းမှာ ကလေးမရနိုင်တဲ့ လူတွေအတွက်တော့ သနားစရာပဲနော်ဒေါ်လေး”
“သြော် ... ကျန်းမာရေးအရ ကလေးမရနိုင် ဖြစ်တာမျိုးတော့လည်း ပြောရခက်တာပေါ့လေ။ ကျန်းမာရေး နှစ်ယောက်စလုံး ကောင်းပြီး ဘာမှ ချို့ယွင်းချက် မရှိဘူးဆိုရင်တော့ ကလေးရနိုင်တာပေါ့။ မိသားစု စီမံကိန်းဆိုတာက ကလေးတွေ မရနိုင်ပေမယ့် လင်နဲ့မယား ရှေ့ဆက် ဘယ်လိုသွားမယ်ဆိုတဲ့ အနာဂတ် ရည်မှန်းချက်ကလေးတော့ ရှိရမှာပေါ့။ ဒါမှ မိသားစုစီမံကိန်းလို့ ပြောလို့ရတာပေါ့ကွယ်”
“ဒေါ်လေး... ခုနက ဒေါ်လေးပြောတာနော်... ဆေးမစားပဲလည်း ကလေးမရအောင် လုပ်လို့ရတယ်ဆိုတာ ဘယ်လိုမျိုးလဲဟင်”
“အင်း ဟုတ်ပြီ၊ အဲဒါက ပြက္ခဒိန် သုံးနည်းပေါ့ကွယ်၊ အဲ... အဲဒီနည်းကို သုံးရင်တော့ အမျိုးသမီးတွေက ရာသီမှန်မှန် လာတဲ့ အမျိုးသမီးတွေပဲ ဖြစ်ရမယ်။ မေမေက ရာသီမှန် မမှန်တော့ သိဖို့ လိုတယ်နော်။ ရာသီလာပြီး တစ်ပတ်အတွင်းမှာရယ်၊ ရာသီမလာခင် တစ်ပတ်အတွင်းမှာရယ် လိင်ဆက်ဆံရင်တော့ ကိုယ်ဝန်မရှိနိုင်ဘူးလို့ ဆိုထားတယ်ကွယ့်၊ ကြားရက်တွေထဲမှာတော့ လိင်ဆက်ဆံရင် သုတ်ရည်တွေကို အပြင်ထုတ်ပစ်တဲ့ နည်းပဲကွယ့်”
တိတ်ဆိတ်သွားသော သူမလေးတို့ကို ကြည့်လိုက်တော့ တချို့က ပြုံးစိစိ၊ တချို့က ခပ်တည်တည်နှင့် တမင်တကာ စိတ်မကျဉ်းကြပ်အောင် နေထိုင်နေပုံကို နည်းနည်းလေး လျော့သွားစေရန် မိမိလည်း ရေတစ်ခွက်သောက်ရင်း၊ မျက်နှာနီနီ ကောင်မလေးတစ်ယောက်ကို လှမ်းကြည့်လိုက်တော့ ခပ်ရှက်ရှက် ခေါင်းငုံ့သွားသည်။ အင်း သမီးတို့ရေ ဒီလိုပဲကွယ့် ခန္ဓာဗေဒကို လေ့လာတယ်ဆိုတာ နည်းနည်းတော့ ခက်တယ်။ ဒါပေမဲ့ ဒီမှာလည်း မိန်းကလေးတွေချည်းပဲ ပြီးတော့ သိထားဖို့ လိုအပ်တဲ့ အကြောင်းအရာတွေလို့ တွက်ပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေနော်” ဟု ဆို၍ စကားဆက်ရန် ကြိုးစားရပြန်သည်။
“ခုနက အနေအထားက လွယ်တော့ မလွယ်ဘူးပေါ့ကွယ်။ ဒါပေမဲ့ ဘာသာရေး လိုက်စားတဲ့ လူတွေအတွက်တော့ အတော်လေး အသုံးဝင်ပါတယ်၊ ဘာအကာအကွယ်မှလည်း သုံးတာ မဟုတ်ဘူးလေ။ ဒါက ကျန်းမာရေးအရ လုပ်ဆောင်တာပဲလေနော်။ အခက်အခဲလေးတော့ ရှိတယ်ကွယ့်။ အမျိုးသမီးရော အမျိုးသားရောက အမေ့ကြီးပြီး ရက်ကို သေချာမတွက်ရင် ခက်ပြီ၊ နောက် မိန်းမကိုယ်က ထွက်လာတဲ့ အချွဲလေးတွေကိုလည်း စစ်ဆေးဖို့လိုအပ်တယ်။ ပုံကိုကြည့်နော်...ထွက်လာတဲ့ အဖြူအချွဲလေးတွေကို ဖိလိုက် ခွာလိုက် လုပ်တဲ့အခါ မကပ်နေဘူးဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ ခပ်တွဲတွဲလေး ကပ်လာရင်တော့ ဒါကိုယ်ဝန်ဆောင်နိုင်တဲ့ လက္ခဏာဖြစ်တယ် ဆိုတာလည်း သိထားဖို့ လိုအပ်တယ်နော်။ ဒါပေမဲ့ လိင်ကြောင့် ကူးစက်တဲ့ ရောဂါတွေတော့ မကာကွယ်နိုင်ဘူးပေါ့။ အမျိုးသမီးရော အမျိုးသားရောက စိတ်လည်းထိန်းရတယ်၊ လိင်ဆက်ဆံလို့ မရတဲ့ကြားရက်တွေမှာ ဆက်ဆံမိရင် သုတ်ရည် အပြင်ထုတ်လိုက်တာမျိုး၊ အမျိုးသမီးကလည်းသုတ်ရည်ကို မိန်းမကိုယ်ထဲ မ၀င်သွားအောင် ဆောင့်ကြောင့်ထိုင်ပြီး သေချာဆေးကြောရတာမျိုးတို့တော့ လုပ်ပေးရမယ်။ စိတ်ရှည်ရမယ်ပေါ့ကွယ်”
“ဟင် ဒေါ်လေးမာန်ကလည်း” မိန်းကလေးတစ်ဦး ခပ်ရှက်ရှက်ဖြင့် ထပြေးသွားသည်ကို ကျန်သူများလည်း ရှက်ရှက်ဖြင့် ရယ်မောလိုက်ကြသည်။ မိမိလည်း နီရဲသွားသော မျက်နှာကို အနည်းငယ် ပြင်ဆင်လိုက်ပြီး ခပ်တည်တည်ဖြင့် “ ဟော ဒါကြောင့် ဒေါ်လေးခုနကပဲ ပြောပြီးပြီ သဘာဝ သဘောတရားချင်း မတူတဲ့ အရာနှစ်ခုကို လေ့လာနေရ တယ်လို့ မှတ်နော်။ တော်ကြာ ရှက်ရှက်နဲ့ အားလုံးမေ့သွားရင် ဒေါ်လေးပြောရကျိုးမနပ် ဖြစ်သွားအုံးမယ်”
“ဟာ ဒေါ်လေးကလည်း မှတ်မိပါတယ်” တစ်ယောက်က ခပ်မြန်မြန် ဖြေလိုက်တော့ ထပ်မံပွဲကျသွားပြန်သည်။ အင်းလေ သစ်ရွက်လှုပ်လျှင်ပင် ရယ်မောချင်ကြသော ယခုအရွယ်ဟု ဆိုထားတော့ ဤကဲ့သို့ မရင်းနှီးသော အကြောင်းအရာများ သူမလေးတို့အနေဖြင့် ရှက်နေသည့် အသိကို ရယ်မောခြင်းဖြင့်သာ ကာကွယ်ရမည်ပဲလေ။ မိမိပြောသောအကြောင်းအရာ များကို မေ့ပျောက်မသွားဟုတော့ ယုံကြည်မိသည်။
“ဒေါ်လေး ဒါဆိုဒီနည်းက ကိုယ်ဝန် ရကောင်း ရနိုင်တာပေါ့နော်” ဟု မီးယပ်သွားဖွားပါရဂူ ဖြစ်ချင်သူက မှင်သေသေဖြင့် မေးတော့ ဆက်လက်ဆွေးနွေးနိုင်သွား၍ မိမိ သူမအား ကျေးဇူးတင်လိုက်မိသည်။
“အင်း သိပ်တော့ မလုံခြုံဘူး၊ ဒါကြောင့် သေချာတော့ အချွဲတွေ စစ်ဆေးတတ်ဖို့နဲ့ ရက်တွေကို မမေ့ပဲ မှတ်သားနိုင်ရင်တော့ ၇၀ ရာခိုင်နှုန်း နည်းသွားနိုင်တယ်။ ကောင်းတာကတော့ ကွန်ဒုံ (ခေါ်) လိင်တံအစွပ်ကို သုံးရင် အကောင်းဆုံးပေါ့ကွယ်။ ဒီကိစ္စကိုတော့ ဒေါ်လေးမီရော ဒေါ်လေးရော အများကြီး ပြောပြထားပြီးပြီဆိုတော့ ထပ်ပြောဖို့ မလိုအပ်တော့ဘူး ထင်တယ်။ တခြားမသိသေးတဲ့ သူငယ်ချင်းတွေကိုတော့ ပြန်ပြီး ရှင်းပြကြပေါ့နော်”
“သမီးတို့က ပြန်ပြောပြပါတယ် ဒေါ်လေး။ ဒါကြောင့် သူတို့လည်း စိတ်ဝင်စားပြီး လာနားထောင်ကြတာလေ”
“အိုး တော်လိုက်တာကွယ်။ ကောင်းတယ် ကောင်းတယ်။ ကိုယ်သိထားတာကို အလကားမဖြစ်အောင်ရယ် ကိုယ်တစ်ယောက်တည်း သိထားတာမျိုး မဖြစ်အောင်ရယ် သူများကိုသိသလောက် ပြန်ဖြန့်ဝေပေးရတယ်ကွယ့်။ ဒါမှ အကျိုးရှိတာ”
“ဟုတ်ကဲ့ပါ ဒေါ်လေး။ ဒေါ်လေး ကိုယ်ဝန်တားတဲ့နည်းက တခြားနည်းလမ်းတွေရော ဘာတွေရှိသေးလဲဟင်” ဟု ပါရဂူလောင်းမလေးကပင် မှင်သေသေ စကားဆက်ပေးပြန်သည်။ ခုနထွက်သွားသော ကောင်မလေး ကုတ်ချောင်းချောင်းဖြင့် ပြန်ထိုင်ပြီး နားစွင့်နေသည်ကို မိမိက မမြင်ချင်ယောင်ဆောင်လိုက်ပြီး...
“နောက်ထပ်နည်းလမ်းတွေကတော့ သမီးတို့ တီးခေါက်မိထားနိုင်တဲ့ ဆေးစား၊ ဆေးထိုးတဲ့ နည်းတွေအပြင်၊ နော်ပလပ်လို့ခေါ်တဲ့ အရေပြားအောက် ဆေးသွင်းပြီး သန္ဓေတား နည်းတို့၊ အိုင်ယူဒီလို့ခေါ်တဲ့ သားအိမ်အတွင်း သန္ဓေတားနည်းတို့၊ အမျိုးသမီး (သို့မဟုတ်) အမျိုးသားတွေ သားကြောဖြတ်တဲ့ နည်းတို့ပေါ့ကွာ။ ဒါပေမဲ့ ဒါကိုတော့နောက်တစ်ခေါက်မှ တစ်ခုချင်းစီရဲ့ အသေးစိတ်ကို ရှင်းပြမယ်ကွယ့်။ ဒီနေ့တော့ ဒေါ်လေး နည်းနည်း အနားပေးလိုက်အုံးမယ်ကွယ်။ အားလုံးကလည်း မျက်နှာပူနေကြတယ် မဟုတ်လား” ပြောလိုက်မှ သူမလေးတို့ တသိုက် ပွဲကျသွားပြန်သည်။ မိမိလည်း သူမတို့နှင့် လိုက်ရယ်မောလိုက်ရင်း ဝေမာကို လှမ်းကြည့်လိုက်တော့ သူမမျက်နှာနီနီဖြင့် ရယ်မောရင်းမိမိကို နှစ်လိုဖွယ် ပြုံးကြည့်နေသည်။ မိမိခံစားသိလိုက်ပါသည် သူမလေးမေမေအတွက် အသုံးဝင်သွားသော နည်းလမ်းအတွက် မိမိအား ကျေးဇူးတင်နေသည် ဆိုသည့် အသိပင်။
မိမိထလိုက်တော့ “ဟင် ဒေါ်လေး သွားတော့မလို့လား၊ ဒီမှာ ဒေါ်လေးသောက်ဖို့ သံပရာရည် အေးအေးလေး” ဟု ပြောပြောဆိုဆို လှမ်းပေးလာသော ပါရဂူလောင်းမလေးကို ချစ်ခင်နှစ်သက်စွာဖြင့် ပါးလေးကို လိမ်ဆွဲလိုက်ရင်း ... “ကျေးဇူးတင်တယ်ကွယ် အပြင်မှာ အတော်ပူနေမှာပဲ။ ဒါပေမဲ့ ဒေါ်လေးတော့ သမီးလေးတို့ရဲ့ မျက်နှာကို မြင်ယောင်ပြီး ကျေနပ်စွာနဲ့ နေပူဒဏ်ကို ကြံ့ကြံ့ခံလိုက်အုံးမယ်” ဟု နွေးထွေးမှုကိုပေးလိုက်သည်။
“ဒေါ်လေးက သိပ်ကဗျာဆန်တာပဲနော်”
“အမယ်လေး နင်ကလည်းလေ ဘာပြောပြော ကဗျာဆန်တယ်လို့ ထင်နေတော့တာပဲ။ ကဗျာရူးလို့ကို မပြောရဘူး”
တစ်ယောက်တစ်ပေါက်ဖြင့် အနိုင်ပိုင်းနေကြသော သူမလေးတို့ကို နှုတ်ဆက်ရန်အတွက် “ကဲ သမီးတို့ ဒေါ်လေးကို မရှင်းတာတွေ သိချင်တာတွေကို နောက်တစ်ခေါက်လာရင် မေးဖို့ အဆင်သင့် လုပ်ထားလိုက်နော်။ ဒီနေ့တော့ ဒေါ်လေးအလုပ်ဝင်ဖို့ အချိန်နီးသွားပြီကွယ့်”
“ဟုတ်ကဲ့ပါ ဒေါ်လေးကို ကားဂိတ်ထိ သမီးတို့ လိုက်ပို့ပေးပါ့မယ်” စသည့် ချစ်စရာကောင်းသော အပြုအမူလေးများသည် မြန်မာပြည်၏ ချစ်စရာ ရနံ့သက်လေးပင် မဟုတ်ပါလား။
သူမလေးတို့ မိမိဘေးတွင် တစ်ယောက်နှင့်တစ်ယောက် နောက်ပြောရင်း ကြည်နူးနေသည်ကို တွေ့ရတော့ သူမလေးတို့ ကြည်နူးမှု မိမိဆီ ကူးစက်သွားသည်။ ဘတ်စ်ကားပေါ် ထိုင်နေရင်းပင် မိမိ၏ မျက်နှာ အပြုံးများဖြင့် ဝေသီနေသည်ကို တွေ့သူတိုင်းလည်း ကြည်နူးလိမ့်မည် ထင်ပါသည်။
ချိုးလင်းပြာ - အပျိုစင်လေးများအတွက် သိကောင်းစရာ (၇)

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts