Friday, July 11, 2014

အစိမ်းရောင်မြို့တော်များ ထူထောင်ခြင်း


ကမ္ဘာ့ရာသီဥတု၏ အနာဂတ်ကို ကျွန်တော်တို့၏ မြို့ကြီးများက အဆုံးအဖြတ်ပေးပါလိမ့်မည်။ လက်ရှိမှာပင် မြို့ကြီးများသည် ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၇၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိသည်။ မြို့ပြထွန်းကားလာခြင်းမှာ ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေသဖြင့် လာမည့်ဆယ်စုနှစ်များစွာတွင် လူပေါင်းဘီလီယံနှင့်ချီ၍ မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြပါလိမ့်မည်။ ရာသီဥတုပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရပ်တည်ချက်များမှ ကြည့်လျှင် မြို့ကြီးများတိုးပွားလာခြင်းမှာ စိန်ခေါ်မှုလည်းဖြစ်သလို အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။

မြို့ပြချဲ့ထွင်ခြင်းနှင့် ရာသီဥတုကို ကာကွယ်ခြင်းနှစ်ခုကြား အဓိကကျသောအခြင်းအရာမှာ အခြေခံအဆောက်အအုံဖြစ်သည်။ မြို့အခြေခံအဆောက်အအုံချဲ့ထွင်ခြင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နိုင်ပြီး တစ်ချိန်တည်းမှာပင် ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်သည်။ သို့သော် ပိုမိုသစ်လွင်၍ အစိမ်းရောင်လွှမ်းသော (သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော) အခြေခံအဆောက်အအုံများအတွက် ကမ္ဘာ့မြို့ကြီးများက မည်သို့ကျခံမည်နည်း။
သတင်းကောင်းမှာ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြို့တော်ဝန်များက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသဘောတူညီချက်တစ်ရပ်ရရှိရန် အမျိုးသားအစိုးရများကို စောင့်ဆိုင်းမနေကြတော့။ ကိုပင်ဟေဂင်၊ လန်ဒန်၊ မြူးနစ်စသော မြို့ကြီးများသာမက ဂွန်ဟန်းနက်စ်ဘာ့ဂ်၊ ရီယိုဒီဂျနေးရိုး၊ ရှန်ဟိုင်းစသော မြို့ကြီးများက ၎င်းတို့၏ ကိုယ်ပိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်များ ရေးဆွဲနေကြသည်။ ယင်းအစီအစဉ်များမှာလည်း ရည်မှန်းချက် အမျိုးမျိုးကျယ်ပြန့်သည်။ ယင်းတွင် မိမိတို့ ဖြစ်ချင်သောဆန္ဒ ပါဝင်သလို လက်တွေ့အကောင်အထည်ဖော်နိုင်သော ရည်မှန်းချက်များလည်း ပါဝင်သည်။ သို့သော် ရေရှည်ထိန်းသိမ်းနိုင်သော မြို့ပြနေထိုင်ရေးဆီသို့ သွားနေသည်မှာ ထင်ရှားသည်။
အကယ်၍ မြို့ကြီးများအနေဖြင့် ၎င်းတို့၏ ကာဗွန်ခြေရာကို လျှော့ချလိုပါက ၎င်းတို့၏ အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှု အုံနှင့်ကျင်းနှင့် လိုအပ်မည် ဖြစ်သည်။ ချမ်းသာသောနိုင်ငံကြီးများ၏ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှတ်မှုမှာ အခြေခံအဆောက်အအုံလေးမျိုးထံမှသာ လာသည်။ ၎င်းတို့မှာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်း၊ လူနေအဆောက်အအုံနှင့် စီးပွားရေးအဆောက်အအုံများ၊ သယ်ယူပို့ဆောင်ရေးနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတို့ဖြစ်သည်။
ယင်းအတွက် မည်သည့် မြို့ပြရေရှည်ထိန်းသိမ်းရေးအစီအစဉ်တွင်မဆို ပြည့်ဖြိုးမြဲစွမ်းအင်ပြောင်းလဲသုံးစွဲသူ၊ အပူနှင့် လျှပ်စစ်ဓာတ်အား ပူးပေါင်းထုတ်လုပ်သော စက်ရုံများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားနှင့် ရထားစနစ်များ၊ ပိုမိုသန့်ရှင်းသော ပုဂ္ဂလိကမော်တော်ယာဉ်များ၊ ပိုမို၍ လေ၀င်လေထွက်ကောင်းသော ရုံးများ၊ ကျောင်းများ၊ လူနေအဆောက်အအုံများနှင့် အခြားအဆောက်အအုံများ၊ ပိုမို၍ စမတ်ကျသော စွန့်ပစ်ပစ္စည်းနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုများ ပါဝင်ရမည်ဖြစ်သည်။ ဆက်လက်ဖြစ်ပေါ်နေမည့် မြို့ပြထွန်းကားမှုနှင့် လိုက်ဖက်သော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများလည်း မဖြစ်မနေလိုအပ်သည်။
အားလုံးဆိုလျှင် ကမ္ဘာ့မြို့ကြီးများကို နေထိုင်ချင်စဖွယ်ဖြစ်ရန် ဆက်လက်ထိန်းသိမ်းရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး တစ်နှစ်လျှင် ကန်ဒေါ်လာနှစ်ထရီလီယံ လိုအပ်ပါလိမ့်မည်။ ယင်းငွေကြေး မည်သည့်နေရာမှ လာမည်နည်း။
ချမ်းသာသော မြို့ကြီးအချို့သာလျှင် ၎င်းတို့၏ အခြေခံအဆောက်အအုံများကို မိမိဘာသာ အဆင့်မြှင့်တင်နိုင်ကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများမှ မြို့ကြီးအများအပြားပင် အစိုးရ၏ လွှဲပြောင်းပေးမှုကို အားကိုးနေရသည်။ ယင်းအတွက် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကွာဟချက်များနှင့် ရင်ဆိုင်နေရသော မြို့ကြီးများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အများအပြား ပိုမိုလိုအပ်သည်။
အစဉ်အလာအားဖြင့် ဘဏ်များက အခြေခံအဆောက်အအုံ တည်ဆောက်ရေး အစိတ်အပိုင်းအများအပြားကို တာဝန်ယူသွားခဲ့ကြသည်။ သို့သော် ဘဏ္ဍာရေးအကျပ်အတည်း စတင်ပြီး ခြောက်နှစ်ကြာလာသည်အထိ နိုင်ငံအများအပြားမှ ဘဏ်များအနေဖြင့် ၎င်းတို့၏ ၀င်ငွေထွက်ငွေစာရင်း ပြန်လည်ကိုက်ညီရန် ကြိုးစားနေရဆဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မတည်ငွေနှင့် ငွေကြေးစီးဆင်းမှုသွက်လက်ရေး သတ်မှတ်ချက်အသစ်များကြောင့် အနာဂတ်တွင် ဘဏ်များ၏ ရေရှည်ငွေချေးငှားမှု လုပ်ဆောင်ရေး ပိုမို၍ အတိုးနှုန်းကြီးမြင့်နိုင်သည်။
ယင်းအတွက် ပင်စင်ရန်ပုံငွေအဖွဲ့များ၊ အာမခံကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများနှင့် သက်ဆိုင်သော ရင်းနှီးမြှုပ်နှံသူများမှာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးတက်၍ ရင်းနှီးမြှုပ်နှံနေကြသည်။ ဘဏ်များနှင့်မတူဘဲ ယင်းအဖွဲ့အစည်းများမှာ နှစ်အတန်ကြာမှ ငွေပေးချေရမည့် တာဝန်များရှိနေရာ ယင်းမှာ ရေရှည်တွင် အမြတ်အစွန်းပြန်လည်ရရှိရန် သေချာသော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများနှင့် လိုက်ဖက်ညီလှသည်။ ထို့အပြင် ငွေကြေးအတိုးနှုန်း အလွန်နည်းပါးပြီး ချေးငွေစာချုပ်ဈေးကွက်လည်း အေးစက်နေချိန်တွင် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှာ စတော့ရှယ်ယာ၊ ဘွန်းများနှင့်နှိုင်းယှဉ်ပါက ဆွဲဆောင်မှုရှိပြီး လုံခြုံစိတ်ချရသော ရွေးချယ်စရာဖြစ်လာပုံပေါ်သည်။
သို့ရာတွင် ယခုအချိန်ထိမူ အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများမှာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် အနည်းအကျဉ်းသာ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ တစ်စိတ်တစ်ပိုင်းအားဖြင့်လည်း ယေဘုယျရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကပင် လိုအပ်ချက်များ ရှိနေခြင်းကြောင့်လည်း ဖြစ်သည်။ ထို့အပြင် အဖွဲ့အစည်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများမှာ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် လုံလောက်သော ကျွမ်းကျင်မှုမရှိခြင်းကြောင့်လည်း ဖြစ်သည်။
အဆိုပါ အခက်အခဲအတားအဆီးများမှာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအားလုံးတွင် တည်ရှိနေပါသည်။ ပထမဆုံးအနေဖြင့် မြို့တော်အရာရှိအများအပြားမှာလည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ဆက်ဆံရာတွင် လုံလောက်သော အတွေ့အကြုံမရှိကြ။ ယင်းအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု စတင်ရန် ခက်ခဲသွားစေသည်။ ပို၍အရေးကြီးသော အချက်မှာ မြို့ပြအခြေခံအဆောက်အအုံ စီမံကိန်းများမှာ သေးငယ်၍ ပြန့်ကျဲနေပြီး ပုံသဏ္ဌာန်အမျိုးမျိုး ရှိနေတတ်သည်။
အကယ်၍ ပုဂ္ဂလိကငွေကြေးများ မြို့ပြအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအတွင်း စီးဆင်းလာရန်ဆိုလျှင် အဖွဲ့အစည်းများ ထူထောင်ပုံကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။ အလွန်ကြီးမားသော မြို့ကြီးများဆိုလျှင် အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို တွဲဖက်ပေးနိုင်ရန် အခြေခံအဆောက်အအုံဆိုင်ရာ ယုံကြည်အပ်နှံအဖွဲ့များမှတစ်ဆင့် လုပ်ဆောင်နိုင်သည်။ ချီကာဂိုမြို့တွင် ယင်းစနစ်ကျင့်သုံးနေသည်။ ကျန်မြို့များအတွက်မူ ရေရှည်ထိန်းသိမ်းနိုင်သော မြို့ပြအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့နိုင်ရန် အမျိုးသား(ငွေကြေး)အဖွဲ့အစည်းများ ထူထောင်ထားသင့်ပါသည်။
မြို့ပြအခြေခံအဆောက်အအုံတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံရေး အတားအဆီးများကို ကျော်လွှားနိုင်ခဲ့ပါက ကမ္ဘာကြီးမှ ကာဗွန်ထုတ်လွှတ်မှု နည်းပါးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုလျင်မြန်ခြင်းနှင့် ပင်စင်စုဆောင်းငွေများကို ဖယ်ထားနိုင်ခြင်း စသော အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။
—Ref: Gorwing Green Cities

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts