Saturday, July 5, 2014

ပိုမိုကောင်းမွန်သည့် ဗီဒီယိုကြော်ငြာများ ဖန်တီးရန်အတွက် LiveRail ကို Facebook ဝယ်ယူ


Facebook သည် ဗီဒီယိုကြော်ငြာ platform တစ်ခုဖြစ်သည့် LiveRail ကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုက အသီးသီး ကြေညာခဲ့သည်။ သို့သော်လည်း ဝယ်ယူခဲ့သည့် ငွေကြေး ပမာဏကို ကုမ္ပဏီနှစ်ခုစလုံးမှ ဖော်ပြခဲ့ခြင်း မရှိပေ။


၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် LiveRail သည် မေဂျာလိဂ် ဘေ့စ်ဘောနှင့် Daily Motion တို့အပါအဝင် ကုမ္ပဏီများ အတွက် မိုဘိုင်းနှင့် ဝက်ဘ်ပေါ်တွင် ဗီဒီယိုကြော်ငြာများကို ထောက်ပံ့ပေးသည့် ကုမ္ပဏီဖြစ်သည်။ ၎င်း ကုမ္ပဏီသည် တစ်လလျှင် ဗီဒီယိုကြော်ငြာ ၇ ဘီလီယံကို ထောက်ပံ့ပေးလျက်ရှိသည်။

“အခုလို LiveRail နဲ့ Facebook ပူးပေါင်းခြင်းကြောင့် ပိုကောင်းတဲ့ ဗီဒီယိုကြော်ငြာတွေကို ဖန်တီးဖို့ အခွင့်အရေးရှိလာပြီး လစဉ် ဒီဂျစ်တယ် ဗီဒီယိုကြည့်ရှုသူ သန်းပေါင်းများစွာနဲ့လည်း ပိုမို အချိတ်အဆက် ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပိုမိုအချိတ်အဆက်ရှိလာမယ့် ကြော်ငြာတွေဟာ စိတ်ဝင်စားစရာ ပိုကောင်းလာပြီး အွန်လိုင်းဗီဒီယိုကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်သလို ဈေးကွက်ရှာဖွေသူတွေ အတွက်လည်း ပိုမိုထိရောက်မှု ရှိလာပါလိမ့်မယ်” ဟု Facebook မှ ကြော်ငြာထုတ်ကုန် ဈေးကွက်ရှာဖွေရေး ဒုဥက္ကဋ္ဌဖြစ်သူ ဘရိုင်ယန် ဘိုလန်းက သဘောတူညီမှု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

LiveRail သည် ၂၀၁၃ ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ရှိခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် ကုမ္ပဏီ၏ ရှယ်ယာများကို အများပြည်သူထံသို့ ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့နောက်တွင် Facebook နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြောင်း ဆိုသည်။

“အခုလို ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့် အလျင်အမြန် တိုးတက်လာပြီး အနာဂတ်အတွက် ကြော်ငြာ platform ကို ဖန်တီးတဲ့အခါမှာလည်း ကုမ္ပဏီရဲ့ အမြင်ကို ဝေမျှသွားပါမယ်” ဟု LiveRail ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ မာ့ခ်ထရက်ဖ်ဂါနီက blog post တစ်ခုတွင် ပြောကြားခဲ့သည်။

Ref: Mashable

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts