Tuesday, April 28, 2015

လူပုံတူအရုပ်များထုတ်လုပ်နိုင်သော 3D printer တစ်မျိုးကို Twindom ကုမ္ပဏီဖန်တီး


Twindom ကုမ္ပဏီသည် လူပုံတူအရုပ်များ ထုတ်လုပ်နိုင်သော စက်ရုံသုံး colour 3D printer များကို တက်ဆက်စ်ပြည်နယ် ဆန်အန်တိုနီယိုမြို့ရှိ American Physical Society အဖွဲ့၏ ပြပွဲ၌ ထုတ်ဖော်ပြသခဲ့သည်။

၎င်းပြပွဲတွင် ကင်မရာ တပ်ဆင်ထားသည့် နေရာ၌ လည်ပတ်နေသည့် ဆုံလည်အဝိုင်းတစ်ခုရှိပြီး အဆိုပါဆုံလည်ပေါ်သို့ လူတက်ရောက်လိုက်သည့်အခါ ကင်မရာများက scan ပြုလုပ်ပေးပြီး ပုံတူအရုပ် ထုတ်လုပ်ပေးမည် ဖြစ်သည်။
သို့ရာတွင် ပြပွဲအတွင်းရှိ ပုံတူအရုပ်များ ထုတ်လုပ်ရန်အတွက် scan ပြုလုပ်ပြီးသား အချက်အလက်များကို ကယ်လီဖိုးနီးယားပြည်နယ် အီမရီဗီလီမြို့ရှိ Twindom ကုမ္ပဏီ၏ ဌာနချုပ်သို့ ပေးပို့ကာ စက်ရုံသုံး 3D printer ဖြင့် ပုံတူအရုပ်များ ထုတ်လုပ်ပေးသွားမည် ဖြစ်သည်။

လူချစ်လူခင်များသော တစ်စုံတစ်ယောက်၏ ပုံတူအရုပ်ကို ထုတ်လုပ်၍ သိမ်းဆည်းထားလိုသူ မိသားစုများ၊ မိဘများနှင့် အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်သူများအတွက် ၎င်းတို့၏ လုပ်ငန်းကို ဦးတည်ထားကြောင်း Twindom ကုမ္ပဏီအား တွဲဖက်တည်ထောင်သူ ရစ်ချတ် ဘာဝတ်ခ် ကပြောကြားခဲ့သည်။
ထိုသို့ မိသားစုများ နှင့် အိမ်မွေးတိရစ္ဆာန်များစွာ၏ အရုပ်များကို ထုတ်လုပ်လိုသူများအတွက် ကုမ္ပဏီက 3D ပုံရိပ်များ ရိုက်ကူးပေးနိုင်သည့် ကင်မရာများပါဝင်သော အခန်းငယ်တစ်ခုကို ဖန်တီးထားကြောင်း သိရသည်။
Twindom သည် Twinstant ဟု အမည်ပေးထားသည့် 3D printer ကို လက်လီဈေး ကန်ဒေါ်လာ ၆၀,၀၀၀ ဖြင့် ရောင်းချပေးနေပြီး ၎င်းကို သြစတြေးလျနှင့် ဂျပန်နိုင်ငံအပြင် အမေရိကန်နိုင်ငံတစ်လွှားရှိ ကုမ္ပဏီများက ဝယ်ယူထားကြပြီ ဖြစ်သည်။
ယခုအခါ လန်ဒန်ကုမ္ပဏီ Empower3D က ၎င်းတို့၏ 3D printer ကို အသုံးပြု လျက်ရှိကြောင်း ဘန်ဝတ်ခ်ကပြောဆိုခဲ့သည်။
ထို့အပြင် Twindom သည် tablet အခြေခံထားသော မိုဘိုင်းဖြင့် scan ပြုလုပ်၍ ပုံတူအရုပ်များ ထုတ်လုပ်နိုင်သော စနစ်ကို တိုးတက်အောင် လုပ်ဆောင်လျက်ရှိသည်။ ၎င်း 3D printer ဖြင့်ထုတ်လုပ်လိုက်သည့် ပုံတူအရုပ်များသည် အရောင်ပိုင်းဆိုင်ရာ နည်းပညာတွင် ပြီးပြည့်စုံမှု မရှိသေးကြောင်း သိရသည်။
Ref: BBC
Credit - အင်တာနက်ဂျာနယ်

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts