Tuesday, April 28, 2015

eYangon အွန်လိုင်း ဝန်ဆောင်မှု၏ ပထမအဆင့် ဝန်ဆောင်မှုရှစ်ခု စတင်အသုံးပြုနိုင်



eYangon အွန်လိုင်းဝန်ဆောင်မှု၏ ပထမအဆင့်ဝန်ဆောင်မှုရှစ်ခု စတင်အသုံးပြုနိုင်ကြောင်း သိရသည်။
မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်ခွင့်လျှောက်ထားခြင်း၊ စက်သုံးဆီဆိုင်ဖွင့်လှစ်ခြင်း၊ သိုလှောင် ကန်အသစ် တည်ဆောက်ခွင့်နှင့် သိုလှောင်ခွင့် လိုင်စင် လျှောက် ထားခြင်း၊ စက်သုံးဆီသိုလှောင်ကန် ထပ် မံတိုးချဲ့တည်ဆောက်ခွင့် လျှောက်ထားခြင်း၊ စက်သုံးဆီဆိုင် ပြန်လည်မွမ်းမံတည်ဆောက်ခွင့် လျှောက်
ထားခြင်းတို့ကို အွန်လိုင်း မှ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယင်းအပြင် စက်သုံးဆီတင်သွင်းခွင့်ကုမ္ပဏီ အမည်ပြောင်းလဲခွင့် လျှောက်ထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုမ္ပဏီများ မှ မော်တော် ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ နယ်မှ လိပ်စာပြောင်း (နယ်ဝင်)လျှောက်ထားခြင်းနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်း မော်တော်ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုများကို www.1881.com.mm ရှိ သတ်မှတ်နေရာများမှတစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသော အကြောင်းအရာ အလိုက် ဖြည့်စွက်ရမည့် ဖောင်များကို အခမဲ့ ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ကြောင်း၊ လျှောက်လွှာတွင် လျှောက်ထားသူအမည်၊ မှတ်ပုံတင်အမှတ်၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ် အစရှိသည့် အချက်အလက်များကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်မိတ္တူ၊ သန်ခေါင်းစာရင်း စသည့် အခြားလိုအပ်သည့် အချက်အလက်များ အားလည်း ဖြည့်သွင်းပေးပို့ရမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဖော်ပြထားသည်ကိုတွေ့ရသည်။
အွန်လိုင်းမှလျှောက်ထားနိုင်သော ဝန်ဆောင်မှုများအပြင် ဖုန်းဆက်၍လည်း မေးမြန်းနိုင်ရန် ဆောင်ရွက် ထားကြောင်း၊ 1881 Call Center သို့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဖုန်းခေါ်ဆို၍လည်း မေး မြန်းနိုင်ကြောင်း သိရသည်။
လက်ရှိ အထက်ပါဝန်ဆောင်မှုရှစ်မျိုးကို ဆောင်ရွက်နိုင်မည့်အပြင် အခြားဝန်ဆောင်မှုများကိုလည်း အွန်လိုင်းမှ လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts