Saturday, June 20, 2015

ယူကေတွင် ပညာသင်ယူမည့်သူများအတွက် သိမှတ်စရာ သုတများ - ငွေရေးကြေးရေး စီမံခန့်ခွဲရေး

နိုင်ငံခြားမှာ ကျောင်းသွား တက်မယ် ဆိုလိုက်တာနဲ့ ငွေကြေးကုန်ကျ စရိတ်ဆိုတာက အရေးကြီးဆုံးသောက ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယူကေမှာ ပညာ သင်ကြားရတာဟာ ကုန်ကျတဲ့ငွေကြေးနဲ့ ထိုက်တန်မှု ရှိတယ်ဆိုတာ ဦးစွာသိဖို့ကောင်းပါတယ်။ ဒါပေမဲ့  ယူကေသင်တန်းတစ်ခုခုကနေ ကိုယ့် အတွက် ကုန်ကျတဲ့ ငွေကြေးနဲ့ထိုက်တန်အောင် ဘယ်လိုအကောင်းဆုံး ပြန်ယူမှာလဲ။ ယူကေကျောင်းသားဘဝမှာ ကုန်ကျမယ့်ငွေကြေးကိုရော ဘယ်လို အကောင်းဆုံး ပြင်ဆင်မှာလဲ။

ကျောင်းသားရေးရာအကြံ ပေး၊ အလွတ်တမ်းစာရေးဆရာ၊ National Association of Student Money Advisers ခေါ် NASMA ရဲ့ ဘဏ္ဍာရေးတတ်နိုင်မှုနှင့် စစ်တမ်းဘုတ်အဖွဲ့ Financial Capabilityand Research Board ရဲ့ အသင်းဝင်လည်းဖြစ်ပြီး သင်တန်းနည်းပြ တစ်ဦးလည်းဖြစ်ကာ နိုင်ငံတကာက ကျောင်း သားတွေနဲ့ နေ့စဉ်ထိတွေ့ ဆက်ဆံနေရတဲ့ Eri Mountbatten နဲ့ စကားစမြည် ပြောကြည့်ခဲ့ပါတယ်။ ယူကေမှာ ပညာလာရောက်ဆည်းပူးဖို့ စီစဉ်ထားတဲ့ အ ပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေအတွက် အကောင်းဆုံး ငွေကြေးဆိုင်ရာ အကြံပြုချက်များပေးဖို့ သူ့ကိုတောင်းဆိုခဲ့ပါတယ်။
သူ့အကြံပြုချက်ကတော့.. ကျွန်တော် နိုင်ငံတကာကျောင်းသား တော်တော်များများနဲ့  တွေ့ဆုံခဲ့ရပါတယ်။ သူတို့အားလုံးက သူတို့ရဲ့ ဘဝလမ်းကြောင်းကို စတင်ဖို့ အကောင်းဆုံးနေရာက ယူကေနိုင်ငံလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသနစစ်တမ်းတွေကလည်း သူတို့ယုံကြည်တာမှန်ကန်ကြောင်း မကြာခဏ သက်သေပြနေပါတယ်။ ဒါပေမဲ့သတိပြုဖို့ကတော့ မှန်ကန်တဲ့ ပြင်ဆင်မှုမရှိခဲ့ရင် ပြဿနာတွေကြုံတွေ့နိုင်တယ် ဆိုတာပါပဲ။ ကြိုတင်ပြင်ဆင်ဖို့ ကျရှုံးခဲ့ရင်၊ ကျရှုံးဖို့ ကြိုတင်ပြင်ဆင်တာနဲ့ အတူတူပဲ “Failing to plan is planning to fail.” ဆိုတဲ့ စကားလည်းရှိတယ် မဟုတ်လား။
သတင်းကောင်းတစ်ခုကတော့ သင့်အောင်မြင်မှု အခွင့်အလမ်းတိုးတက်ဖို့ရန် ငွေကြေးကိစ္စစီမံဖို့အတွက် မဟာဘွဲ့တွေ ဘာတွေ ရထားဖို့မလိုဘူးဆိုတာပါပဲ။ သင်လိုအပ်တာက ရိုးစင်းတဲ့ သာမန်လူပြိန်းအသိ အခြေခံသဘောတရားပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ MAP လို့ခေါ်တဲ့ အစီအစဉ် ချမှတ်ပုံစံလေးပဲ ဖြစ်ပါတယ်။ MAPရဲ့ ဆိုလိုရင်းကတော့ ….
၁။ Map - မိမိရဲ့ လက်ရှိငွေကြေးအင်အားနဲ့ မိမိရွေးချယ်နိုင်တဲ့ အတိုင်းအတာကို လမ်းပြမြေပုံ ရေးဆွဲပါ။
၂။ Afford - အဲ့ဒီ လမ်းပြမြေပုံအတိုင်း သွားနိုင်ဖို့ သင်တတ်နိုင်တဲ့ အတိုင်းအတာအလိုက် လုပ်နိုင်မယ့် သတင်းအချက်အလက်ပြည့်စုံတဲ့ ဆုံးဖြတ်ချက် ပိုင်နိုင်စွာ ချမှတ်ပါ။
၃။ Prepare - မထင်မှတ်တာတွေအတွက် ရင်ဆိုင်ဖို့ပြင်ဆင်ထားပါ။
၁။ Map (လမ်းညွှန်မြေပုံ)
သင့်ရဲ့ လက်ရှိငွေကြေးအင် အားနဲ့ နောက်ထပ် လိုအပ်နိုင်ဖွယ် ရှိတဲ့ ဘဏ္ဍာရေးအခြေအနေကို သုံးသပ်ပါ။ ဒါကလည်း မလုပ်မနေလုပ်ရမယ့် ဟာပါပဲ။ သို့ပေမဲ့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်က ရောက်ဖို့ရာအတွက် လက်ရှိ ကိုယ် ဘယ်နေရာမှာရှိနေသလဲဆိုတာ ပထမဆုံးသိရဖို့ အရေးကြီးပါတယ်။ သင့်ပညာသင်စရိတ်အ တွက် စုဆောင်းငွေထဲက၊ မိဘကပို့လိုက်တဲ့ ငွေထဲက စသည်ဖြင့် ဘယ်လောက်သုံးဖို့ လိုအပ်မလဲ။
အခြားဘယ်နေရာတွေက၊ ဥပမာပညာသင်ဆု၊ ချေးငွေ၊ ထောက်ပံ့ကြေးတွေ စသည်တွေက ရနိုင်မလား။ ဒါတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အမြောက်အမြားရှိပါတယ်။ ဒါပေမဲ့ များလွန်းလို့ တစ်ခါတလေ မျက်စိလည်စေပါတယ်။ ဒါကြောင့် Education UK က အရေးကြီးဆုံးသော သတင်းအချက်အလက် များကို သင်တို့အတွက် တစ်နေရာတည်းမှာ စုစည်းပေးပြီး ဒီလုပ်ငန်းစဉ်ကို လွယ်ကူအောင်လုပ်ပေးထားပါတယ်။
သင်တန်းကုန်ကျစရိတ်တွေ၊ သင်တန်းကြေးတွေကို ဒီနေရာမှာရှာကြည့်နိုင်ပါတယ်။ ပညာသင်ဆုအတွက် သတင်းအချက်အလက်တွေကို ဒီမှာရှာကြည့်နိုင်ပါ တယ်။ ဘဏ္ဍာရေးနှင့် သင်တန်းကြေးအကြောင်း အချက်အလက်အပြည့်အစုံကို Fees and Finance on the UKCISA ဝက်ဘ်ဆိုက်မှာ ရှာဖွေကြည့်နိုင်ပါတယ်။
၂။ Afford (တတ်နိုင်မှု)
သင်တန်းကြေး ကုန်ကျစရိတ်တွေကို သိပြီးတဲ့နောက်မှာတော့ နောက်ထပ်ကုန်ကျမယ့် အရာတွေအကြောင်း ဆက်စဉ်းစားလို့ရပါပြီ။ ဥပမာ - တစ်ကြိမ်တစ်ခါပဲ သုံးဖို့လိုအပ်မယ့် ခရီးစရိတ်၊ အာမခံ၊ အပေါင်ငွေနှင့် ဗီဇာကြေး စတာတွေ ဖြစ်တယ်။
အခြားပုံမှန်သုံးရမယ့် အသုံးစရိတ်တွေ ရှိပါဦးမယ်။ ဥပမာ- နေထိုင်စရိတ်၊ အစားအသောက်၊ အခွန်အခများနှင့် လူမှုရေးအသုံးစရိတ်တွေဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးစရိတ်တွေကို တွက်ချက်သုံးသပ်နိုင်ဖို့ အကူအညီပေးနိုင်တဲ့ online ဝက်ဘ်ဆိုက်တစ်ခုက တော့ the International student Calculator ဖြစ်ပါတယ်။ စမ်းဖြစ်အောင် စမ်းကြည့်စေချင်ပါတယ်။ ဒါတွေအပြင် ယူကေမှာ ရွေးချယ်စရာ အမြောက်အမြား ရှိပါသေးတယ်။ တချို့နေရာတွေကတော့ တချို့နေရာတွေ ထက် ဈေးပိုကြီးတာပေါ့။ ဥပမာ- လန်ဒန်မြို့ပေါ်မှာနေထိုင်ရတာက အခြားဒေသ မှာတွေထက် စရိတ်ပိုကြီးတာမျိုးကို ပြောတာပါ။
The NUS (National Union of Students) လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်မှာလည်း ယူကေရဲ့ လူနေမှုစရိတ်တွေအကြောင်း ဆောင်းပါးကို ဖော်ပြထားပါတယ်။  အချက်အလက်တွေ ပိုမိုသိရှိလိုရင်တော့ Numbeo ဆိုတဲ့ဆိုက်က ကမ္ဘာ့အနှံ့အပြားမှာရှိတဲ့ မြို့တွေက လူနေမှုကုန်ကျစရိတ်တွေ အကြောင်း ဖော်ပြထားတဲ့ ကမ္ဘာ့ အကြီးဆုံး ဒေတာဘေ့စ်ကြီး ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘတ်ဂျက်ကို ပြင်ဆင်စီစဉ်ပြီး အဲ့ဒီအစီအစဉ်အတိုင်း လုပ်ပါ။
၃။ Prepare (ပြင်ဆင်ခြင်း)
ဘဝမှာ အသေချာဆုံးအရာကတော့ ပြောင်းလဲခြင်းလို့ ဆိုကြပါတယ်။ ပြီးတော့ ဒီစကားကလည်း အခုလက်ရှိ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး၊ ရာသီဥတုနဲ့ အကိုက်ပါပဲ။ ဒါကြောင့်လည်း မမျှော်လင့်ထားတဲ့ ကိစ္စတွေအတွက် ကြိုတင်ပြင်ဆင်ခြင်းဟာ ကျွန်တော်ပြောချင်တဲ့ အရေးကြီးဆုံး အကြံပေးချက်ဖြစ်ပါ တယ်။
သင်ဟာ မမြင်တွေ့နိုင်တဲ့ သင်တန်းကြေးတွေကအစ၊ ခရီးစရိတ်နဲ့ နေထိုင်စရိတ်တွေအလယ်၊ ကျန်းမာရေးအသုံးစရိတ်အဆုံး မထင်မှတ်တဲ့အရာတွေ ကြုံတွေ့နိုင်ပါတယ်။ သင် မူလရည်မှန်းတွက်ချက်ထားတဲ့ ကုန်ကျစားရိတ်တွေမှာ သင့်ဝင်ငွေ မထင်မှတ်ဘဲ ကျဆင်းသွားလို့ ဥပမာ-လစာနည်းသွားလို့ သို့မဟုတ် အိမ်ကပို့ငွေ လျော့သွားလို့ စတာတွေကြောင့် အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက မကြာခဏ ဖြစ်လေ့ရှိတာကြောင့် အခြေအနေမလှအောင် ဖြစ်သွား တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုမဖြစ်ဖို့ ကာကွယ်နိုင်ပါတယ်။ အကယ်၍ သင်က ကြိုတင်တွေးဆတွက်ချက်ပြီး ပြင်ဆင်ထားရင်ပေါ့။ အရေးပေါ်အနေနဲ့ ကိုယ့်ရဲ့ နှစ်လ၊ သုံးလစာ စုငွေတွေကို သီးခြားဘဏ်စာရင်းဖွင့်ထားဖို့ အကြံပေးလိုပါတယ်။ အဲ့ဒါကို သင့်ရဲ့ safety net ခေါ် အကျမနာစေအောင် လုပ်ပေးမယ့် အရေးပေါ် အ သက်ကယ်ပိုက်လို့ ခေါ်ကြပါစို့။
ဒါမှသာလျှင် အရေးပေါ်အခြေအနေ ကြုံတွေ့နေရတဲ့အခါ အခြား ငွေရစရာနေရာ ရှာဖွေနေတုန်းကာလမှာ အချိန်ပိုရမှာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး သင့်ရဲ့ ကျဆင်းသွားတဲ့ ဝင်ငွေတို့၊ အခြားတိုးပွားလာတဲ့ မထင်မှတ်တဲ့ အသုံးစရိတ်တို့ကို ကာမိအောင်နဲ့ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစုငွေက သင့်ရဲ့ အသက်ကယ်ဆေးဖြစ်ပါတယ်။ ဒါပေမဲ့ သင်က မသုံးမှသာလျှင် အဲ့ဒီဆေးက အစွမ်းထက်မှာ ဖြစ်ပါတယ်။
မှတ်သားဖို့ကတော့……..
ခြုံပြောရရင် ဒါတွေကို သေသေချာချာမှတ်သားထားပါ။ ကိုယ့်ရဲ့ လက်ရှိငွေကြေးအင်အားနဲ့ ကိုယ်ရွေးချယ်နိုင်တဲ့ အရာတွေကို နှိုင်းယှဉ်သုံးသပ်ပြီး လမ်းပြ မြေပုံရေး ဆွဲပါ။ သင်တတ်နိုင်တဲ့ အတိုင်းအတာပေါ်မှာသာ သုံးသပ်ကာ အချက်အလက်ပြည့်စုံတဲ့ ဆုံးဖြတ်ချက်ချပြီး အဲ့ဒီအစီအစဉ်အတိုင်း သွားပါ။ နောက်ဆုံးအနေနဲ့ မမျှော်လင့်ထားတာတွေအတွက် ပြင်ဆင်ထားပါ။ အဲ့ဒီအဆင့်ကလေးတွေကိုသာ လိုက်နာလုပ်ဆောင်သွားရုံနဲ့ ရှေ့မှာမျှော်လင့်ထားတဲ့ သို့မဟုတ် မမျှော်လင့် ထားတဲ့ မုန်တိုင်းကို ကြံ့ကြံ့ခံကျော်လွှားနိုင်ပြီး လမ်းမှန်ပေါ် ရောက်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ တက္ကသိုလ်၊ ကောလိပ် အတော်များများမှာ ကျောင်းသားတွေအတွက် အကြံပေးဝန်ဆောင်မှုတွေကို အခမဲ့ရယူနိုင်တယ်ဆိုတာ သိထားဖို့ပါပဲ။  သင့်ကျောင်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂ သို့မဟုတ် နိုင်ငံတကာကျောင်းသား ရုံးခန်းမှာ စုံစမ်းကြည့်နိုင်ပါတယ်။ NASMA မှာလည်း သင့်ကို အခြားအသင်းဝင် များထံမှ ငွေကြေးဆိုင်ရာ အကြံဉာဏ်များရယူနိုင်ဖို့  ဆက်သွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိုရောက်လာပြီဆိုတာနဲ့ သင်ဟာ တစ်ယောက်တည်း မဟုတ် ဘူးလို့ အားပေးလိုက်ပါတယ်။
"ဤဆောင်းပါးအား ဗြိတိသျှကောင်စီမှ ပံ့ပိုးကူညီထားပါသည်။ မူရင်းဆောင်းပါးနှင့် အခြား ယူကေပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဖတ်ရှုလိုပါက www.educationuk.org တွင် သွားရောက်လေ့လာနိုင်ပါသည်။"

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts