Wednesday, October 18, 2017

eSIM ဆိုတာဘာလဲ

ဒီနှစ်အတွင်းမှာ eSIM ပါဝင်တဲ့ ထုတ်ကုန်သုံးမျိုး ထွက်ရှိခဲ့ပါတယ်။ အဲဒီထုတ်ကုန်တွေက Apple Watch 3, Pixel 2 နဲ့ Pixel 2 XL တို့ဖြစ်ပါတယ်။ မနှစ်ကထွက်ရှိခဲ့တဲ့ Samsung Galaxy Gear S2 3G နဲ့ iPad 9.7 မှာလည်း eSIM ပါဝင်လာပါတယ်။ ဒါကြောင့် eSIM လို့ခေါ်တဲ့ နည်းပညာပါဝင်တဲ့ ထုတ်ကုန်ဟာ အခုဆိုရင် ငါးမျိုးရှိလာပါပြီ။ အခုနည်းပညာသစ်ဟာ စတင်ရုံပဲ ရှိပါသေးတယ်။
eSIM/eUICC (embedded SIM ဒါမှမဟုတ် embedded UICC) ဟာ လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုနေကြတဲ့ SIM ကတ်နေရာအစားထိုးလိုက်တာပါ။ သုံးစွဲသူက ဖုန်းအတွင်း SIM ကတ်ကို ဖြုတ်နိုင်ပေမယ့် eSIM ကိုတော့ မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် eSIM ဘယ်လို အလုပ်လုပ်တယ်ဆိုတာ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

SIM ကတ်တွေ ပြောင်းလဲဖြစ်ထွန်းလားပုံ
မိုဘိုင်းဖုန်းတွေ ရေပန်းစားလာတာနဲ့အမျှ သုံးစွဲသူက နှစ်သက်ရာ အော်ပရေတာရဲ့ဝန်ဆောင်မှုအလိုက် SIM ကတ်တွေကို ရွေးချယ်ဝယ်ယူလာကြပါတယ်။ အဲဒီ SIM ကတ်တွေမှာ နံပါတ်နဲ့ လုံခြုံရေး key ပါဝင်တာကြောင့် ကွန်ရက်အနေနဲ့ ဝန်ဆောင်မှုသုံးစွဲသူတွေကို အတည်ပြုဖော်ထုတ် စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် SIM ကတ်မှာ contact တွေနဲ့ text message တွေကိုလည်း သိမ်းဆည်းနိုင်ပါတယ်။ နှစ်အနည်းငယ်အတွင်း SIM ကတ်တွေရဲ့ အရွယ်အစားကလည်း သေးငယ်လာပါတယ်။ ပထမဆုံး Mini SIM ထွက်ပေါ်လာပါတယ်။ နောက်ပိုင်းမှာ အရွယ်တဖြည်းဖြည်းငယ်လာပြီး Micro SIM ဖြစ်လာသလို နောက်ဆုံးမှာတော့ Nano SIM ဖြစ်လာပါတယ်။ ဒီ SIM ကတ်ပုံစံ သုံးမျိုးကို အသုံးပြုနေကြသေးပေမယ့် Micro SIM နဲ့ Nano SIM က နောက်ပိုင်းမှာ အသုံးများလာပါတယ်။
စမတ်ဖုန်းတွေမှာ နေရာလွတ်တွေရရှိနိုင်ဖို့ SIM ကတ်တွေဟာ တဖြည်းဖြည်းသေးငယ်လာပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေက ပါးလွှာလာပြီး နေရာလွတ်တွေကလည်း တန်ဖိုးရှိလာပါတယ်။ Mini SIM ကတ်တွေဟာ tray တစ်ခုနဲ့အတူ နေရာများစွာ ရယူလေ့ရှိပါတယ်။ SIM ကတ်အရွယ်အစားကိုလျှော့ချလိုက်တာနဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေက ထုတ်ကုန်တွေမှာ ပိုကောင်းတဲ့အစိတ်အပိုင်းတွေကို ထည့်သွင်းနိုင်သလို ပါးလွှာတဲ့ထုတ်ကုန်ကိုလည်း ဖန်တီးလာနိုင်ပါတယ်။

eSIM တွေဘယ်လို အလုပ်လုပ်လဲ
eSIM ရဲ့အရွယ်အစားက nano SIM လောက်ပဲရှိပြီး SIM tray မပါဝင်ပါဘူး။ ဒါကြောင့် eSIM ပါဝင်တဲ့ စမတ်ဖုန်းတွေက ပါးလွှာပြီး အခြားအစိတ်အပိုင်းတွေအတွက် နေရာလွတ်တွေ ထွက်လာပါတယ်။
eSIM တွေကို အသုံးပြုသူတွေအတွက် အားသာချက်က ကွန်ရက်တွေကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တာပါ။ အဲဒီလို ပြုလုပ်တာဟာ roaming နဲ့ကွာခြားပါတယ်။ eSIM တွေက မတူညီတဲ့ ကွန်ရက် profile တွေကို သိမ်းဆည်းပေးပြီး ကွန်ရက်တစ်ခုနဲ့ တစ်ခုအကြား အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ eSIM ပေါ်မှာ profile အမျိုးမျိုး သိမ်းဆည်းထားနိုင်တာကြောင့် သုံးစွဲသူတွေက ကွန်ရက်တွေကိုအလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ SIM profile တစ်ခုမှာ data plan နဲ့ အခြား SIM profile မှာ voice plan တစ်ခု သတ်မှတ်ထားနိုင်ပြီး နံပါတ်တူညီတာကြောင့် ဖုန်းခေါ်ဆိုမှုတွေနဲ့ SMS တွေ လွတ်သွားတာမျိုး မဖြစ်နိုင်ပါဘူး။
ကွန်ရက်တွေကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ဖို့ စံသတ်မှတ်ချက် သတ်မှတ်ရပါမယ်။ ဒါမှပဲ eSIM ပေါ်က SIM profile တွေကို အလွယ်တကူ သုံးနိုင်မှာပါ။ GSMA ကုမ္ပဏီမှာ အော်ပရေတာတွေနဲ့ OEM တွေအကြားက ဆက်ဆံရေးလွယ်ကူစေဖို့နဲ့ လုပ်ငန်းစဉ်တွေ ရိုးရှင်းစေဖို့အတွက် Profile Interoperability လို့ခေါ်တဲ့ စံသတ်မှတ်ချက် ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ SIM profile အမျိုးမျိုးနဲ့ အော်ပရေတာ ရာပေါင်းများစွာ ရှိပါတယ်။ ဒါကြောင့် လူတိုင်းရပ်တည်သုံးစွဲနိုင်တဲ့ စံသတ်မှတ်ချက်ကို ပြုလုပ်နိုင်တယ်လို့ ယူဆရပါတယ်။
Pixel 2 နဲ့ Pixel 2 XL ရဲ့ eSIM ကတော့ လတ်တလောမှာ Google ရဲ့ Project Fi ကွန်ရက်မှာပဲ အသုံးပြုနိုင်ပါတယ်။ Apple Watch 3 မှာပါဝင်တဲ့ eSIM ကတော့ Verizon, T-Mobile နဲ့ Sprint တို့မှာ အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့ ကွန်ရက်တွေကို ပြောင်းလဲအသုံးပြုတဲ့အခါမှာ မိုဘိုင်းဖုန်းနံပါတ်တွေကို ဆက်လက်ရယူထားသင့်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် အော်ပရေတာသစ်ကိုအသုံးပြုတဲ့အခါ အခကြေးငွေ တစ်စုံတစ်ရာ ပေးရပါမယ်။ အဲဒီအခကြေးငွေက SIM ကတ်တစ်ကတ်ကို ဝယ်ယူတဲ့အခါ ပေးရတဲ့ ပမာဏနဲ့ အလားတူဖြစ်ပေမယ့် package အတွင်းမှာ အခမဲ့ data နဲ့ voice call တွေလည်း ပါဝင်လာနိုင်ပါတယ်။

eSIM တွေရဲ့ အနာဂတ်
စမတ်ဖုန်းတွေမှာ eSIM တွေကိုအသုံးပြုဖို့အတွက် အချိန်အတော် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိုဘိုင်းချိတ်ဆက်မှုလိုအပ်တဲ့ ဝတ်ဆင်နိုင်တဲ့ နည်းပညာထုတ်ကုန်တွေ၊ ကားတွေနဲ့ ကွန်ပျူတာလို ထုတ်ကုန်တွေမှာ အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ Microsoft ရဲ့ Qualcomm ရဲ့အသစ်ထွက်ရှိမယ့် ARM ထောက်ပံ့မှုပါဝင်တဲ့ ကွန်ပျူတာတွေမှာ on-the-go ချိတ်ဆက်မှုအတွက် eSIM ပါဝင်လာနိုင်ပါတယ်။ Surface Pro မှာ eSIM ကတစ်ဆင့် LTE ထောက်ပံ့မှုပါဝင်လာမယ်လို့ Microsoft ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဗားရှင်းဟာ လာမယ့်နှစ်အစောပိုင်းမှပဲ ထွက်ရှိလာနိုင်ပါတယ်။
eSIM တွေပါဝင်တဲ့ Windows ကွန်ပျူတာတွေအတွက် သုံးစွဲသူက Windows Store ကနေ data plan တွေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ T-Mobile, AT&T နဲ့ အခြားနိုင်ငံရပ်ခြား အော်ပရေတာတို့က Microsoft နဲ့ပူးပေါင်းဖို့ သဘောတူညီမှု ရယူထားပါတယ်။

eSIM အသုံးပြုမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ သမားရိုးကျ SIM ကတ်ကိုအသုံးပြုတဲ့အခါ ဖုန်းဘက်ထရီ အလွန်အားနည်းနေတဲ့အချိန်မှာ ဖြုတ်ပြီး အခြားဖုန်းတစ်လုံးမှာ ပြောင်းလဲထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ တကယ်လို့ eSIM အသုံးပြုမယ်ဆိုရင် ဒီလိုလုပ်လို့ မရတော့ပါဘူး။
eSIM တွေဟာ ဆက်သွယ်ရေးကုမ္ပဏီတွေက lock လုပ်ထားတဲ့ ဖုန်းတွေကို မပျောက်ကွယ်စေနိုင်ပါဘူး။ အဲဒီ carrier-lock ထုတ်ကုန်ဆိုတာက သုံးစွဲသူနဲ့ contract plan တစ်ခုချုပ်ဆိုထားတာပါ။ ဖုန်းအတွက် လစဉ်ကြေးကို ပိုင်ရှင်က ပုံမှန်ပေးသွင်းရပါတယ်။ ဒီနည်းလမ်းဟာ ဖုန်းအသစ်တစ်လုံး ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူစေနိုင်ပါတယ်။ စာချုပ်ပြည့်ပြီ ဆိုတာနဲ့ ပိုင်ရှင်က နှစ်သက်ရာကွန်ရက်ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
စိုးထက်
Ref: Gizmochina

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts